MNP - ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်း ပညာသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟတိတတပ်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ရှမ်းပြည်နယ်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဲ့ ရှမ်းပြည်နယ်အစိုးရရဲ့ ဘဏ္ဍာငွေအထောက်အပံ့နဲ့ ကျောင်းပြင်ပမှာရောက်ရှိနေတဲ့ ကလေးတွေကို မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေး၊ အန္တရာယ်ရှိတဲ့ အလုပ်အကိုင်တွေမှာ ကလေးအလုပ် သမားတွေပပျောက်စေရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သက်မွေးသင်တန်းတွေကို ဖွင့်လှစ်ပေးနေတာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍရေးနှစ်မှာသက်မွေးသင်တန်း(၇)မျိုးကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား(၁၄၀)ဦးကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်မှာ သက်မွေးသင်တန်း(၆)မျိုးကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား(၁၂၅)ဦးကိုလည်းကောင်း၊ သက်ဆိုင်ရာတတ်ကျွမ်းမှုအလိုက် အလုပ်အကိုင်တွေကို ရှာဖွေပေးနိုင်ခဲ့ကြောင်း၊ ကလေးတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေရရှိကာ မိသားစုဝင်ငွေတိုးတက်စေဖို့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးပြီး စတင်ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကလေးအလုပ်သမားအဖြစ် ခိုင်းစေခြင်းမခံရ စေရေး၊ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာ ကလေးအလုပ်သမားမရှိစေရေးနှင့် မိမိဘဝရပ်တည်နိုင်ရေးတို့အတွက် ယခုသင်ကြားတတ်မြောက်ခဲ့တဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ တင်းတိမ်ရောင့်ရဲခြင်းမရှိပဲ မိမိဘဝတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစဉ်အဆက် လေ့လာဆည်းပူးသင်ကြားသွားကြပါလို့မှာကြားခဲ့သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသား၊ သင်တန်းသူများကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယ ဗိုလ်မှူးကြီး ညီညီတင်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား အသက်မွေးဝမ်းကျောင်းအထောက် အကူပြုစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းကို ဇန်နဝါရီလ(၁၆)ရက်နေ့မှ ဇန်နဝါရီလ(၃၀)ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ(၂၅)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment