MNP - ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့အထက(၁) ကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးထွန်းရွှေ၊အထက(၁)ကျောင်းအုပ်ဆရာကြီးဦးမောင်စံသိန်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ယင်းနောက်မြို့နယ်ပညာရေးမှူးဦးထွန်းရွှေက အဖွင့်အမှာစကားပြောကြားပြီးကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ဦး မောင်သိန်းရွှေနှင့် ကျောင်းအုပ်ဆရာကြီး ဦးမောင်စံသိန်း တို့က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ပညာရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆုများကို အခမ်းအနားသို့တက်ရောက်လာကြသည့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမိသားစုမှ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဖများကအသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ပဒေသာကပွဲအစီအစဉ်များကို ဆက်လက်ကျင်းပရာ အထက(၁)ကျောင်းမှ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment