MNP - ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဗဟိုအသင်းမှတာဝန်ရှိသူများနှင့် ခရိုင်လေးခရိုင်မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများတွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ရုံးဝင်းအတွင်းရှိ မေတ္တာစံအိမ်ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်ကအသင်း၏ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး စခန်းမန်နေဂျာဒေါ်ခင်ဆွေလှိုင်က မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်မှုခံယူနိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးစခန်းများမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသားလူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောနှင့် ဗဟိုအသင်းအလုပ်အမှုဆောင်ဘဏ္ဍာရေးမှူး စာရေးဆရာမြေလတ်ထင်ကျော်မိုးတို့က မုဒိတာစကားနှင့် ကျေးဇူးတင်စကားများကို အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မေတ္တာစံအိမ်၌ ဖွင့်လှစ်ထားသည့် FREE GYM အားကစားခန်းမတွင် မူးယစ်ဆေးဖြတ်သင်တန်းသားများ အားကစားပြုလုပ်သည့် စက်များဖြင့် လေ့ကျင့်ဆော့ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment