MNP - ဇန်နဝါရီ ၃၁
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်စျေး၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏စီမံမှုဖြင့် ပုဇွန်တောင်စျေး တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက် လူစည်ကားရာ နေရာဖြစ်သည့် ပုဇွန်တောင်စျေး၌ “လက်ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ၊ လက်ဖဝါးကိုကုတ်ခြစ်ပါ၊ လက်ကောက်ဝတ်”စသည်တို့ကို ဆပ်ပြာဖြင့် နည်းစနစ်မှန်ကန်စွာ ဆေးကြောနိုင်စေရေးအတွက် ပြည်သူများအား သရုပ်ပြသပေးခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ပြီး၊ စျေးဝယ်လာကြသည့် ပြည်သူများအနေဖြင့် အဆိုပါရောဂါကာကွယ်ရေးအတွက် မကြာခဏလက်ဆေးကြရန် စျေးတာဝန်ခံရုံးရှေ့၌ ရေပုံးနှင့်ဆပ်ပြာ ထားရှိပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေရာပေါင်းစုံမှ လူများလာရောက်ရာနေရာဖြစ်သည့် ဈေးများသည် ကိုဗစ်-၁၉ ရောဂါကူးစက်ရန် အခွင့်အလမ်း အများဆုံးနေရာတစ်ခုဖြစ်ကြောင်း၊ ပါးစပ်၊နှာခေါင်းစည်း စနစ်တကျ မတပ်ထားသူများထံမှ ဈေးလုံးဝ(လုံးဝ)မဝယ်ကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ရန် ပါးစပ်၊ နှာခေါင်းစည်း မှန်ကန်စွာ အသုံးပြုနည်းပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost
No comments:
Post a Comment