MNP
ယနေ့ကျရောက်တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီးဘေးဘယာများဝေးကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သလိုက်ရပါတယ်။
၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အခက်အခဲများစွာနဲ့ စိန်ခေါ်မှုပေါင်းစုံကြားကနေ ကျွန်တော်တို့အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ သဘောထားပြည့်ဝမှုတွေနဲ့ပဲ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများအားလုံးရဲ့ စုစည်းညီညွတ်အားနဲ့ စိန်ရတုပြည်ထောင်စုနေ့ အခါသမယကို လည်း ခမ်းနားထည်ဝါစွာဖြင့် ဂုဏ်ယူဖွယ် ကျော်ဖြတ်ခဲ့ပြီဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း လွတ်လပ်ရေးရဲ့အရသာကို ကျွန်တော်တို့ ညီအစ်ကိုတွေ အပြည့်အဝ မခံစားရသေးပါဘူး။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို တတ်နိုင်သမျှ ချုပ်ငြိမ်းအောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ကျွန်တော်ကိုယ်တိုင် ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများအပေါ်မှာ အလားအလာကောင်းတဲ့ သဘောတူညီမှုများ ရရှိခဲ့ပါတယ်။ မိမိဒေသ၊ မိမိလူမျိုးရဲ့ ကောင်းကျိုးကို တကယ့်ရင်ထဲက စစ်မှန်တဲ့စေတနာ၊ မေတ္တာအမှန်တရားနဲ့ လိုလားဖို့ပဲ အရေးကြီးပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင် ပဋိပက္ခတွေဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့ အခွင့်အရေးပိုမို ဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီအခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေ အပါအဝင်တစ်နိုင်ငံလုံးနေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းပြည်ကို မူလအခြေအနေအတိုင်း အေးချမ်းစေဖို့ ဆောင်ရွက်နေပါတယ်။
၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့်စိန်ရတုတိုင်ခဲ့ပြီ ဖြစ်သလို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားဖို့ အစပျိုးတဲ့နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ်ဖြစ်တာကြောင့် ဒီအခွင့်အရေးကို အရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အားလုံး အတူတကွလျှောက်လှမ်းချင်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရန်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည် ဆောက်ရေးအတွက် ယခုရှိပြီးသားထက် ပိုမိုတဲ့ ပေါင်းစည်းညီညွတ်မှုများနဲ့ ရှေ့ကိုခရီးဆက်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီလိုခရီးဆက်နိုင်အောင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဘက်ပေါင်းစုံကနေ ရှိသမျှတံခါးများအားလုံးဖွင့်လျက် လက်ကမ်းကြိုလျက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလမှာ ကမ္ဘာမှာဘာတွေ ဖြစ်ခဲ့သလဲဆိုတဲ့ နိုင်ငံတကာအရေးအခင်းအချို့ကို ကျွန်တော်တို့ ကြည့်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို အားလုံး ပိုမိုသတိရှိရမယ်။ ပိုမိုအသိရှိရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ပြည့် အင်အားသည် ပြည်တွင်းမှာသာရှိသလို ကျွန်တော်တို့အားလုံး စည်းလုံးစွာနဲ့ ကျော်ဖြတ်ဖို့ပဲလိုပါမယ်။
ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၇၅ နှစ်တာကာလအတွင်း နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးမပြုစေခဲ့တဲ့ အတွေး အခေါ်များနဲ့ လုပ်ဆောင်ချက်များကို ချန်ရစ်ခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘောဆောင်ရွက်ချက်များကို “မြန်မာစိတ်” မွေးပြီးတော့ စည်းစည်းလုံးလုံး လုပ်ကိုင်သွားကြ မယ်ဆိုရင် ကျွန်တော်တို့သွားချင်တဲ့ “ပန်းတိုင်” ကို မလွဲမသွေ ရောက်ရှိမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးနိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထု အကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝတွေကို မျိုးဆက်သစ်လူငယ်တွေအတွက် တည်ဆောက်ပေးသွားကြပါမယ်။ မျိုးဆက်သစ် လူငယ်တွေဆီကနေ တိုင်းပြည်အတွက် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချနိုင်စေဖို့ ကျွန်တော်တို့ တာဝန်ရှိသူများအားလုံး ညီညွတ်စွာဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ယနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယ မှသည် နောင်နှစ်ပေါင်းများစွာတိုင် မိမိတို့တစ်ဦး တစ်ယောက်ချင်းအတွက်သာမက နိုင်ငံတော်အတွက်ပါ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာနဲ့ ကောင်းကျိုးလိုရာအဖြာဖြာ ဖန်တီးနိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
https://t.me/MyanmarNationalPost
No comments:
Post a Comment