တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြု၊ သားဖွား၊ နှီးနွှယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြု၊ သားဖွား၊ နှီးနွှယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP  -   ဇန်နဝါရီ ၂၀

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြု၊ သားဖွား၊ နှီးနွှယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် Semi Virtual Meeting ဖြင့် ကျင်းပသည်။


အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနလက်အောက်တွင် ဆေးနှင့်နှီးနွှယ်တက္ကသိုလ်ပေါင်း ၁၅ ခုနှင့် သူနာပြု၊ သားဖွားနှီးနွှယ်သင်တန်းကျောင်းစုစုပေါင်း ၅၃ ကျောင်းရှိကြောင်း၊ ၎င်းတို့မှ ဆရာဝန်၊ သွားဆရာဝန်၊ သူနာပြု၊ သားဖွားနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ မွေးထုတ်ပေးလျက်ရှိကြောင်း၊ သူနာပြု၊ သားဖွားပညာရေးကို ပြည်တွင်းရော ပြည်ပပါမြှင့်တင်ပေးလျက်ရှိရာ သင်ကြားရေးအပိုင်းမှလည်း နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်နှင့်အညီ အရည်အသွေးရောအရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံသောခံယူချက်ကောင်းသည့် သူနာပြု၊ သားဖွားများမွေးထုတ်နိုင်ရေး သင်တန်းကာလကပင် လေ့ကျင့်ပျိုးထောင်ပေးရန်အရေးကြီးကြောင်း။


ဆွေးနွေးကြရန်လို


နှစ်ရက်တာကျင်းပမည့် ညှိနှိုင်းအစည်းအဝေးတွင် သင်ကြားရေးပိုင်းနှင့်ပတ်သက်၍ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများတွင် သင်တန်းသင်ရိုး ညွှန်းတမ်းများဖြင့် စာတွေ့၊ လက်တွေ့သင်ကြားရာတွင် သင်ကြားပုံစနစ်များ၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ၊ Skill Lab များအတွက် လိုအပ်ချက်များ၊ စာကြည့်တိုက်တွင်ထားရှိရန်လိုအပ်သောခေတ်မီစာအုပ်များ၊ Internet Access များ၊ သင်ကြားရေးပတ်ဝန်းကျင်၊ သင်ကြားပေးရသည့် အချိန်နှင့်နေရာတို့အပေါ် တွေ့ကြုံနေရသည့်အခက်အခဲများ၊ အားသာချက်/ အားနည်းချက်များကိုလည်းကောင်း၊ သင်ကြားရေးဆေးရုံများတွင် လက်တွေ့သင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူများကို လက်တွေ့ဆောင်ရွက်နိုင်အောင် စနစ်တကျသင်ကြားရေးကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ကြပ်မတ်သွားနိုင်ရေး၊ သင်တန်းကျောင်းအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲရေးနှင့်ပတ်သက်၍လည်းကောင်း၊ မိမိတို့တွေ့ကြုံခဲ့ရသည့်၊ တွေ့ကြုံနေရသည့် အတွေ့အကြုံများ၊ အခက်အခဲများကိုအချင်းချင်းမျှဝေနိုင်ရန်နှင့် ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်းများရရှိလာစေရန်ဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး (သူနာပြု)တို့က လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းတို့က စွမ်းဆောင်ရည်ဆုရရှိခဲ့သည့် ကျောင်းအုပ်ကြီးနှင့် ကျောင်းအုပ်များကို ဆုများချီးမြှင့်ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးသို့တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကျောင်းအုပ်ကြီးများ/ကျောင်းအုပ်များနှင့် လန်းဆန်းစာအတူတကွသုံးဆောင်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)