MNP - ဇန်နဝါရီ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းရာတွင် ပါဝင်ခဲ့သော ဆရာတော်ကြီးနှစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်အပ်နှင်းသည့်အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဒုတိယမြိုင်ကြီးငူ နန်းဦးဘေးမဲ့ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဉာဏိက၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တပညာသာမိ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းသာယာဝပြောရေး စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်မှ ချီးမြှင့်သည့် သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသော တောင်ကလေး ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)အရှင်သူမြတ်နှင့် လွတ်လပ်ရေးရပြီး (၇၅)နှစ်တာ ကာလအတွင်း နိုင်ငံတော်နှင့်နိုင်ငံသားများကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်း ဆောင်နိုင်မှုများအတွက် ဝဏ္ဏကျော်ထင်ဂုဏ်ထူးဆောင်ဘွဲ့ရရှိသော ယခင်မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန(ကိုယ်စား) ဒုတိယ မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဉာဏိကတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီ ဦးစောမြင့်ဦးက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းသည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးက သီရိပျံချီဂုဏ်ထူး ဆောင်ဘွဲ့ရရှိသော တိုးတက်သောဗုဒ္ဓ ဘာသာကရင်အမျိုးသားအစည်းအရုံး နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌဂုဏ်ထူးဆောင်ဗိုလ်မှူးကြီးစောထွန်းလှိုင်နှင့် နယ်ခြားစောင့် တပ်များဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဟောင်သရောအထူးဒေသမှ ဂုဏ်ထူးဆောင်ဒုတိယ ဗိုလ်မှူးကြီးစောဒေါဒေါ(ကိုယ်စား) ဗိုလ်မှူးစောချစ်ဝင်းတို့အား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးတို့သည် ဆရာတော်ကြီးနှစ်ပါးအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment