MNP - ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုး တိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများရရှိရေးအတွက် ရည်ရွယ်၍ “လူငယ်စကားဝိုင်း”ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေး ထွေးရီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကိုကိုမောင် တို့က လူငယ်စကားဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ထို့ နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးသိန်းထွန်းအောင်မှ ဆောင်ရွက်ပြီး အထက(၁)ကျောင်းမှ Grade-11 ကျောင်း သား၊ကျောင်းသူများဖြစ်ကြသည့် မောင်မင်းဟိဏ်းထက်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ပြည့်စုံအောင်က “စာပေနှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိအိမိုးက “ကျန်းမာရေးနှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဖြိုးအိဆွေက “လူငယ်နှင့် မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများမှ မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်ဓာတ်ပုံများအား ကျောင်းသား၊ကျောင်းသူတို့က စိတ်ပါဝင်စားစွာဖြင့် လေ့လာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများ၊ ကျောင်း သား၊ကျောင်းသူများ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost






No comments:
Post a Comment