MNP - ဇန်နဝါရီ ၂၄
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ ယနေ့နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က "ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရန်/ရှောင်ရန်အချက်အလက်များကို ပိုမိုသိရှိပြီး ပညာသင်ကြားနေရင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်မဖြစ်ပေါ်စေရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဟောပြောပွဲမှအသိပညာဗဟုသုတများကို မိမိတို့ပတ်ဝန်းကျင်အား မျှဝေပေးခြင်းဖြင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ဖြစ်ပွားမှုလျော့ကြစေရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း "ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးဇော်လင်းသန့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများကို ပါဝါပွိုင့်များဖြင့် အကျယ်တဝင့်အသိပညာပေးဆွေးနွေးဟောပြောပြီး တပ်ဖွဲ့ဝင်တစ်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအချက်ပြသင်္ကေတအညွှန်းများအား လက်တွေ့သရုပ်ပြသည်။
ယင်းအသိပညာပေးဟောပြောပွဲသို့ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း (၃၂၀)ခန့်တက်ရောက်ကြောင်း သိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost


No comments:
Post a Comment