အကြမ်းဖက်အန္တရာယ်မှန်သမျှ လွင့်စင်ပ၍ ငြိမ်းချမ်းပကတိ ရှိပါစေ (အယ်ဒီတာ့အာဘော်) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အန္တရာယ်မှန်သမျှ လွင့်စင်ပ၍ ငြိမ်းချမ်းပကတိ ရှိပါစေ (အယ်ဒီတာ့အာဘော်)



(၂၈-၁-၂၀၂၃)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲလိမ် မဲခိုးမှုများ ကျူးလွန်ခဲ့ပြီး တိုင်းပြည်၏ အာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန် ကြိုးပမ်းခဲ့ကြသူများက ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကို အာဏာလွှဲအပ်ခဲ့ရသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ ယနေ့တိုင်အောင် ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း အစရှိသော အကြမ်းဖက်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူအများ တွေ့မြင် သိရှိနားလည်ကြမည်ဖြစ်ပါသည်။

အာဏာရလိုမှုတစ်ခုကိုသာ ရှေးတန်းတင်၍ ၎င်းတို့ ကျူးလွန်ခဲ့သည့် မတရားမှုများကို လိမ်ညာဖုံးကွယ်ပြီး တပ်မတော်နှင့် ပြည်သူကြား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ရေးသားပြောဆိုမှုများဖြင့် အစဉ်တစိုက် နိုင်ငံရေးမှိုင်းတိုက်နေကြသည်ကို တွေ့မြင်ရပါသည်။

ထိုသူတို့၏ ဆောင်ရွက်ချက်များသည် ဒီမိုကရေစီအရေးတော်ပုံ ဟု ကြွေးကြော်၍ လုပ်ဆောင်နေသော်လည်း ဒီမိုကရေစီစံနှုန်းများကို အလေးထားခြင်းမရှိ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း မရှိကြတော့ပေ။ ၎င်းတို့၏ ရက်စက်ယုတ်မာ ရိုင်းစိုင်းသော လုပ်ရပ်များကို ဒီမိုကရေစီစံနှုန်းများနှင့်လည်း တိုင်းတာ၍မရ။ လူ့အခွင့်အရေးကို အလွန်အမင်းချိုးဖောက်လျက်ရှိခြင်းက သက်သေခံနေပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရသည့် တပ်မတော်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေး ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည်။ ထိုသို့သော လုပ်ငန်းစဉ်များကို မဲလိမ်မဲခိုးမှုများ ကျူးလွန်ပြီး အာဏာလက်မဲ့ဖြစ်ကာ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြသည့် ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် များက ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်နေကြသည်။

ပြည်သူများအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် မည်သူတွေက လုပ်ဆောင်နေကြသည်ကို ကောင်းစွာ သိမြင်နားလည်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများကို နားယောင်၍ ဆင်ကန်းတောတိုး မိုက်ရူးရဲဆန်ဆန် လုပ်ဆောင်နေသော အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှုများက လွန်စွာ ဆိုးသွမ်းလှသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် CRPH, NUG တို့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့များက ပေါက်မြို့နယ်တွင် မိသားစုဝင် (၇)ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ကန့်ဘလူမြို့နယ်တွင် မိသားစုဝင် (၈)ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။ အဆိုပါ သတ်ဖြတ်မှုများတွင် ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ ပါဝင်သည်။ အလားတူ ရွှေဘိုမြို့နယ်တွင်လည်း မိမိတို့ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေသော တောင်သူ (၉)ဦးကို PDF အကြမ်းဖက်သမားများက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပြန်သည်။

ထိုသို့သော လုပ်ရပ်များကို ထောက်ရှုခြင်းအားဖြင့် PDF အကြမ်းဖက်အဖွဲ့များသည် ဆင်ခြင်တုံတရားကင်းမဲ့လွန်သော အကြမ်းဖက်အဖွဲ့များ ဖြစ်နေသည်ကို တွေ့မြင်ကြပေလိမ့်မည်။ အကြမ်းဖက်သမားများအနေဖြင့် တခြားသော ပါတီအဖွဲ့အစည်းဝင်ကို မဆိုထားဘိ ၎င်းတို့ NLD ထောက်ခံသူ အချင်ချင်းကိုပင် အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိသူများကို ရန်ရှာ၍ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည့် ဖြစ်စဉ်ဖြစ်ရပ်များကိုလည်း မြင်တွေ့ကြရပေလိမ့်မည်။

ထိုသို့ ယုတ်မာရိုင်းစိုင်းလွန်းသော အကြမ်းဖက်အဖွဲ့များ လှုပ်ရှားနေသည်ဖြစ်ရာ ပြည်သူများအနေဖြင့် အစဉ်သတိရှိရန် လိုပါသည်။ အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေးကို အလေးထားဆောင်ရွက်နေသည့် ကာလတွင် မိမိတို့ တတ်စွမ်းသည့်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့် တပြေးညီ အကြမ်းဖက်အဖွဲ့များ၊ အကြမ်းဖက်စခန်းများ ရှင်းလင်းဆောင်ရွက်နေသည့် သတင်းကောင်းများလည်း ကြားသိလာရပါသည်။ 

အကြမ်းဖက်အန္တရာယ် ကင်းဝေးမှသာ တိုင်းပြည်၏ အနာဂတ်ကို ကောင်းစွာပုံဖော်နိုင်မည်။ အကြမ်းဖက် အန္တရာယ် ကင်းစင်ရေးသည် ပထမ ဦးစားပေးဖြစ်ရမည်။ ရက်စက်ယုတ်မာ ရိုင်းစိုင်းသော အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ မဆုံးရှုံးရေးကို အလေးထားဆောင်ရွက်ကြရမည်။ အနယ်နယ်အရပ်ရပ်တွင် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေး၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အစဉ်ဦးညွှတ် ဂုဏ်ပြုပါသည်။ အကြမ်းဖက်အန္တရာယ်များကို နှိမ်နင်းဖယ်ရှားနေသော လုံခြုံရေးတပ်ဖွဲ့ဝင် (တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ) နှင့် တသားတည်း ရပ်တည်၍ ပြည်သူများကလည်း အကြမ်းဖက်အန္တရာယ် တားဆီးကာကွယ်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်။ အကြမ်းဖက်လှုပ်ရှားမှုများ ချုပ်ငြိမ်းပါမှ ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှုရမည်ဖြစ်သည်။ အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေး ဆောင်ရွက်ချက် မှန်သမျှ အောင်မြင်ကြပါစေ။ ဘေးကင်းကြပါစေ။ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း အကြမ်းဖက်အန္တရာယ်မှန်သမျှ လွင့်စင်ပ၍ ငြိမ်းချမ်းပကတိ ရှိပါစေသတည်း ။  ။


မြန်မာနေရှင်နယ်ပို့စ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)