MNP - ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဆီထွက်သီးနှံ စပ်မျိုး(၁) နေကြာမျိုးစေ့ထုတ် စံပြစိုက်ခင်းကို နမ့်မော်ဆွမ့်ကျေးရွာ တောင်သူ ဦးအောင်ဖေ၏ ဥယျာဉ်ခြံအတွင်း၌ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးသန့်မျိုးပွား မျိုးအဆင့်ရရှိရေး လူအကူအညီဖြင့် ပန်းဝတ်မှုံကူးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါစံပြစိုက်ခင်းနေရာ၌ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက စံပြစိုက်ခင်းရှိ နေကြာအဖိုပင်မှ ပန်းဝတ်မှုံများကို လူအကူအညီဖြင့် အမလိုင်းရှိ နေကြာ ပွင့်များသို့ ဝတ်မှုံကူးပေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းနေကြာပင်များကို မစိုက်ပျိုးမီ မြေပြင်ခြင်း၊ သဘာဝမြေဩဇာ၊ ကွန်ပေါင်းဓာတ်မြေဩဇာထည့်သွင်းခြင်း၊ မျိုးသန့်မျိုးပွား မျိုးအဆင့်ရရှိရေးအတွက် တစ်ဧကအတွင်း နေကြာအဖိုမျိုး တစ်ကီလို၊ အမ သုံးကီလိုကို စိုက်ပျိုးချိန်တွင် အဖိုတစ်လိုင်း၊ အမသုံးလိုင်း၊ တန်းကြား ၃၀ လက်မ၊ ပင်ကြား ၉ လက်မခြား၍ စိုက်ပျိုးထားရှိကြောင်း၊ ယခု နေကြာပန်းအပွင့်များနှင့် အောင်မြင်ဖြစ်ထွန်းနေပြီး အမပွင့်များ သန္ဓေအောင်မြင်နိုင်ရေးအတွက် လူအကူအညီဖြင့် ဝတ်မှုံကူးပေးခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရိတ်သိမ်းချိန်တွင် အဖိုလိုင်းနှင့်အမလိုင်းများကို သီးခြားစီ ခွဲရိတ်သွားမည်ဖြစ်ကြောင်း၊ အမလိုင်းမှရရှိသော နေကြာမျိုးစေ့များကို မျိုးကောင်းမျိုးသန့် အဖြစ် ပြန်လည်စိုက်ပျိုး ရန်အတွက် ထိန်းသိမ်းထားမည်ဖြစ်ပြီး အဖိုလိုင်းမှရရှိသော အစေ့များကို စားသုံးဆီအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ အပင်စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ လိုအပ်သောသွင်းအားစု၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါကျရောက်မှုမရှိ စေရေးအတွက် မြို့နယ် စိုက်ပျိုးရေးစီးဌာနအနေဖြင့် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးနဲမြို့နယ်အနေဖြင့် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာ ၄၈ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဇော်မော်ဦး၏ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ
https://t.me/MyanmarNationalPost
No comments:
Post a Comment