MNP - ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်စိုက်ပျိုးသည့် ဝက်တိုးကျေးရွာတောင်သူ ဦးခိုင်ထူး၏ လယ်ယာမြေတွင်စိုက်ပျိုးထားသော နေကြာသီးသန့်(၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုနှင့် အမှတ်(၅)ရပ်ကွက် အတွင်းရှိဆိုလာ ရေတင်စနစ်ဖြင့်စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာ သီးသန့်နှင့်သီးညှပ်(၁၀)ဧက စိုက်ပျိုးထားသည်များကို ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းထွန်းနှင့်ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက အဆိုပါစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံများကို ယခုနှစ်တွင်တိုးချဲ့စိုက်ပျိုးထားရှိရာ နေကြာစိုက်ခင်းများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာအရောက်ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပြောကြားခြင်းများ၊ သွင်းအားစုဓာတ်မြေဩဇာများနှင့် သဘာဝမြေဩဇာများ အချိုးကျသုံးစွဲနည်း၊ ပိုးမွှားများကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ထားနိုင်ရေးတို့ကို အသိပညာပေးကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နေကြာစိုက်ခင်းများမှာ တစ်လခွဲသားအရွယ်ခန့်သို့ရောက်ရှိနေပြီး သီးသန့်စိုက်ခင်းများနှင့်သီးညှပ်စိုက်ခင်းများမှာ အပင်အားကောင်းပြီး ရှင်သန်ဖြစ်ထွန်းနေကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း လိုအပ်သည်များကို တောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment