(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျားကလေး-ဇာသပြင်လမ်းမှ ကော့လမုကျေးရွာ အဝင်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျားကလေး-ဇာသပြင်လမ်းမှ ကော့လမုကျေးရွာ အဝင်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်လှစ်






MNP  -   ဇန်နဝါရီ ၂၁

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဇာသပြင်-ကျားကလေးလမ်းမှ ကော့လမုကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က အဆိုပါလမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။


အဆိုပါလမ်းသည် ယခင်က မြေသားလမ်းဖြစ်ပြီး လမ်းအရှည် တစ်မိုင်လေးဖာလုံ၊ ပေ ၂၀ ကွန်ကရစ်တံတား တစ်စင်းနှင့် ၁၅ ပေကွန်ကရစ်တံတားတစ်စင်းတို့ကို ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၇၀၆ ဒဿမ ၂၄ သန်းဖြင့် သံလွင် ဖားစည်မြေကုမ္ပဏီမှ ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လယ်ယာဧက ၃၃၀ ကျော်၏ ကုန်ထုတ်လမ်းအဖြစ်လည်း အကျိုးပြုစေမည်ဖြစ်ကာ ကျန်ရှိသည့်လမ်း(၇)ဖာလုံနှင့် (၂၀) ပေကွန်ကရစ် တံတားနှစ်စင်း၊ (၁၅)ပေ ကွန်ကရစ် တံတားသုံးစင်းတို့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တက်ရောက်လာသော ကော့လမု၊ ကော့သင်း၊ ဇာသပြင်(အရှေ့-အနောက်) ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရပ်မိ ရပ်ဖများ၊ ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။


လမ်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကျေးလက်လမ်းများကို ရာသီမရွေး သွားလာနိုင်သော လမ်းများအဖြစ်သို့ နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံအောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များအတွက် ကျေးလက် လမ်းကွန်ယက်များကို အသုံးပြု၍ ပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအခြေခံအဆောက်အဦများဖြစ်သည့် လမ်း၊ တံတားများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပြီး အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ကျားကလေး-ဇာသပြင်လမ်းမှ ကော့လမုကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)