MNP - ဇန်နဝါရီ ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန် ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော်သည့်အနေဖြင့် တတိယအကြိမ် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေးအသိ ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကလောမြို့ရှိ Kalaw Hilltop Villa Hotel တွင် Hybrid စနစ်ဖြင့် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အွန်လိုင်းမှတစ်ဆင့်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ယခုအာဆီယံ-ဂျပန် ဗဟိုဌာနနှင့် ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲမှတစ်ဆင့် ဆွေးနွေးပွဲကိုယ်စားလှယ်များသည် ဂျပန်ခရီးသွားဧည့်သည်များ၏ ရိုးရာဓလေ့နှင့် လူနေမှုဘဝပုံစံများ၊ အပြုအမူသဘောသဘာဝများကို သိရှိနားလည်လာပြီး အနာဂတ်တွင်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် အာဆီယံ-ဂျပန်ဗဟိုဌာန၏ ၂၀၂၃ ခုနှစ်အတွက် National Acticvity နှင့် အခြားအစီအစဉ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံ-ဂျပန် ဗဟိုဌာနမှ အကြီးတန်းအမှုဆောင်အရာရှိ Dr. Yuka KUBOTA က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံနှင့် အာဆီယံ -ဂျပန် ဗဟိုဌာနမှတာဝန်ရှိသူများနှင့် ဂျပန်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆက်လက်ဆွေးနွေးပို့ချကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ အင်းယားကန်ဟိုတယ်၌ ကျင်းပသော မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးက ယခုအခါ တရုတ်ခရီးသွားဈေးကွက်သည် မြန်မာနိုင်ငံအတွက် အလားအလာရှိပြီး အားထားရသည့်ဈေးကွက်တစ်ခုဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း နေပြည်တော်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာမြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာကျောက်ကျားအောက်ဝ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် ချုံချင့်မြို့၌ တရုတ် - မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၊ တရုတ်-မြန်မာယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွားမိတ်ဖက်မြို့တော် ရက်သတ္တပတ်အစီအစဉ် ကျင်းပပြုလုပ်မည့်အခြေအနေများ၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှခရီးသွားပြခန်းများ ပါဝင်ခင်းကျင်းပြသသွားနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ခရီးသွားအသင်းအဖွဲ့များအား ဖိတ်ကြားထားပါကြောင်း၊ ထို့ပြင် တရုတ်-မြန်မာ မြှင့်တင်ရေးစင်တာတွင်လည်း မြန်မာနိုင်ငံ၏ခရီးသွား လုပ်ငန်းများနှင့် ဆွဲဆောင်မှုများကိုပါဝင်ပြသရန်ကမ်းလှမ်းထားပါကြောင်း၊ အဆိုပါ ကုန်စည်ပြပွဲတွင်ပါဝင်ပြသခြင်းဖြင့် ချုံချင့်မြို့နှင့်သာမက တရုတ်တစ်နိုင်ငံလုံးသို့လည်း မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မြှင့်တင်ကြော်ငြာနိုင်မည့် အခွင့်အလမ်းများရရှိမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေနှင့် ပြပွဲတွင်ပါဝင်ပြသနိုင်ရေးအပြင် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် အခြားဆွေးနွေးလိုသည့် ကိစ္စရပ်များရှိပါက အားလုံးဝိုင်းဝန်းဆွေးနွေး၍ အကြံပြုပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန်တို့က ဆွေးနွေးတင်ပြကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ယဉ်ကျေးမှုဆိုင်ရာခရီးသွားကုန်စည်ပြပွဲတွင် ပါဝင်ပြသနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ ယင်းနောက် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment