MNP - ဇန်နဝါရီ ၁၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) တို့ပူးပေါင်း၍ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)၏ အစီအစဉ်ဖြင့် တောင်အာရှနှင့်အရှေ့တောင် အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ) စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေးစီမံကိန်း၏ စောင့်ကြည့်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အဓိကစိန်ခေါ်မှုတစ်ရပ်
ဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေပြည်သူများဖြစ်ပြီး ထင်း၊ မီးသွေးကို အဓိကလောင်စာအဖြစ် သုံးစွဲလျက်ရှိရာ ကျေးလက်နှင့် မြို့ပြပြည်သူများ၏ နှစ်စဉ်ထင်းလိုအပ်ချက်မှာ ကုဗတန် ၁၇ သန်း (စုစုပေါင်းစွမ်းအင်ပမာဏ၏ ၇၆ ရာခိုင်နှုန်း) ခန့်ရှိကြောင်း၊ ထင်းလောင်စာလိုအပ်ချက် မြင့်မားလာခြင်းသည် သစ်တောသယံဇာတရေရှည်တည်တံ့စေရေး၊ သဘာဝတောကျန်များထိန်းသိမ်းရေးနှင့် သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကတွေ့ကြုံရသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း။
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ထင်းလောင်စာသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ၁၉၉၇ ခုနှစ်မှ ယနေ့အချိန်အထိ စွမ်းအားမြှင့်မီးဖို ၇၄၂၀၀၀ ကျော် ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေခြင်းကို ပိုမို၍အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)နှင့်ပူးပေါင်း၍ စီမံကိန်းကာလနှစ်နှစ်အတွင်း စွမ်းအားမြှင့် မီးဖို ၂၁၈၉၅၅ လုံး ဖြန့်ဝေနိုင်ခဲ့ပြီး ကာဗွန်ထုတ်လွှတ်မှုတန် ၃၈၅၀၀၀ ကျော်လျှော့ချနိုင်ခဲ့ကြောင်း၊ စီမံကိန်းကာလအတွင်း စောင့်ကြည့်အကဲဖြတ် ရလဒ်များအပေါ်အခြေခံ၍ ပိုမိုကောင်းမွန်သော ရလဒ်များရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။
စာတမ်းများဖတ်ကြား
ထို့နောက် တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်မှုအခြေအနေရှင်းလင်းတင်ပြခြင်းနှင့် စွမ်းအားမြှင့်မီးဖို သုံးစွဲမှုနှင့်ပတ်သက်သော သုတေသနစာတမ်းများကိုဖတ်ကြားကြပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြသည်။
ယခုစီမံကိန်းမှာ စွမ်းအားမြှင့် မီးဖိုဖြန့်ဝေသုံးစွဲခြင်းအားဖြင့် ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင်ခြင်းနှင့် သဘာဝတောကျန်များထိန်းသိမ်းရေးကို အထောက်အကူပြုစေပြီး မြန်မာနိုင်ငံအနေဖြင့် United Nations Framework Convention on Climate Change (UNFCCC) နှင့်ချိတ်ဆက်၍ ပထမဦးဆုံးဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချခြင်း သက်သေခံချက် - CER ရရှိရန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် United Nations - Clean Development Mecha-nism (UN-CDM) စီမံကိန်းတစ်ခုဖြစ်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment