MNP - ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမဆောင်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ လေ့ကျင့်ရေးစီမံချက်အရ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးကို မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်သော ဘာသာရပ်များ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှာ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံမီးသတ်ပညာ၊ လက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးပြုစုခြင်း ဘာသာရပ်များကို သင်တန်းသားအားလုံး နားလည်တတ်မြောက်ကြမည်ကို ယုံကြည်ပါကြောင်း၊ နားလည်တတ်မြောက်ရုံဖြင့် မပြီးသေးပဲ လုပ်ငန်းခွင်တွင်လက်တွေ့အသုံးချတတ်ဖို့လည်း လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသားများအား ဆုများပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က သင်တန်းဆင်းလက်မှတ်များအား တစ်ဦးချင်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်လေးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထွေးငယ်
https://t.me/MyanmarNationalPost




No comments:
Post a Comment