တရုတ်စူပါရေနံတင်သင်္ဘောများဖြင့် ဈေးချိုသည့် ရုရှားရေနံများ အာရှသို့ သယ်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်စူပါရေနံတင်သင်္ဘောများဖြင့် ဈေးချိုသည့် ရုရှားရေနံများ အာရှသို့ သယ်ယူ


MNP ၊ ဇန်နဝါရီ ၁၆

တရုတ်နိုင်ငံမှ  စူပါရေနံတင်သင်္ဘော လေးစင်းထက်မနည်း ရုရှား ယူရယ် ရေနံစိမ်းများကို တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း ကုန်သွယ်ရေးဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားကြသည်။ G7 က ရုရှားရေနံစိမ်း ဈေးနှုန်း အများဆုံးဈေးနှုန်းကို သတ်မှတ်ပြဋ္ဌာန်းပေးပြီးသည့်နောက်ပိုင်း ရုရှားရေနံစိမ်း တင်ဆောင်သည့် သင်္ဘောများကို ရေကြောင်းအာခခံလုပ်ငန်းများနှင့် သင်္ဘောလိုင်းများက လက်ရှောင်ထားလိုက်ကြသဖြင့် ရုရှားနိုင်ငံမှ ရေနံတင်သင်္ဘောများ၊ တရုတ်နိုင်ငံမှ ရေနံတင်သင်္ဘောများဖြင့် ရုရှားရေနံစိမ်းကို ပို့ဆောင်လျက် ရှိသည်။


ရေနံတင်သွင်းမှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း ရုရှားရေနံကို ဆက်လက်ဝယ်ယူလျက်ရှိပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် ယူကရိန်းစစ်ပွဲမတိုင်မီ က လူချင်းတွေ့ဆုံခဲ့ကြရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံမှု"ဟု  ပြောဆိုခဲ့ကြသည်။ 


အနောက်နိုင်ငံများ၏ ရုရှားရေနံအပေါ် အရေးယူဆောင်ရွက်ချက်သည် တရားဝမင်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။ 


တရုတ်နိုင်ငံမှ  စူပါရေနံတင်သင်္ဘော လေးစင်းအပြင် ပဉ္စမမြောက် ရုရှားရေနံ တင်ပို့သည့် ရေနံတင်သင်္ဘော တစ်စီး ရှိနေပြီး အရွယ်အစားမှာ  စူပါရေနံတင်သင်္ဘောထက် ပိုကြီးမားသော အလွန်ကြီးမား ရေနံစိမ်းတင်သင်္ဘော very large crude carrier (VLCC) ဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ပေးသည်။ 


အိန္ဒိယနှင့်တရုတ် နိုင်ငံတို့သည် ဈေးချပြီး ရောင်းချပေးနေသည့် ရုရှားရေနံများကို ဆက်လက် ဝယ်ယူလျက် ရှိသည်။ 


အဆိုပါ သင်္ဘော ၅ စင်းဖြင့် ရုရှားရေနံတင်ပို့မှုများကို ဒီဇင်ဘာလ ၂၂ ရက်နှင့် ဇန်နဝါရီလ ၂၃ ရက် ကြားတွင် ဆောင်ရွက်ခဲ့သည်ဟု သင်္ဘောသွားလာမှုများ မှတ်တမ်းတင်သည့် Eikon မှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။ 


၂၀၂၂ ဒီဇင်ဘာလတွင် စတင်မိတ်ဆက်ခဲ့သော G7 ဈေးနှုန်းကန့်သတ်ချက်သည် ဥရောပသမဂ္ဂပြင်ပနိုင်ငံများမှ ပင်လယ်ရေကြောင်းဖြင့်  ရုရှားရေနံကို ဝယ်ယူရန် ခွင့်ပြုထားသည်။ သို့သော်အများဆုံးဈေးနှုန်း သတ်မှတ်ချက် ဖြစ်သော တစ်စည်လျှင် ကန်ဒေါ်လာ ၆၀ ထက် ကျော်လွန်ပါက ၎င်းရေနံစိမ်း တင်ဆောင်ထားသည့် သင်္ဘောများကို ရေကြောင်းအာမခံ‌အမျိုးမျိုး မပေးရဟု တားမြစ်ထားသည်။ 


ယခုအခါ ရုရှားက ယူရယ်ရေနံစိမ်းများကို ကန်ဒေါ်လာ ၆၀ အောက် ဈေးနှုန်းများဖြင့် ရောင်းချနေသဖြင့် အဆိုပါ တားမြစ်ပိတ်ပင်ချက်တွင် အကျုံးမဝင်ချေ။


အာရှသို့ ပို့ဆောင်ရသည့်ခရီးတာမှာ ဝေးလံပြီး ပို့ဆောင်ခ ဈေးကြီးသည်။ သို့သော် ရုရှားရေနံစိမ်းက ဈေးသက်သာနေသဖြင့် လုပ်သာကိုင်သာ ရှိသည်။ အငယ်ဆုံးအနေဖြင့် စူပါရေနံတင်သင်္ဘော အရွယ်အစားဖြင့်  အာရှလမ်းကြောင်းများကို ပို့ဆောင်ပါက တွက်ခြေကိုက်နေဆဲ ဖြစ်သည်။ 


အိန္ဒိယရေနံဝန်ကြီး Hardeep Singh Puri က အိန္ဒိယသည် အချိုသာဆုံးဈေးနှုန်းဖြင့် ရေနံစိမ်းကို ရမည်ဆိုပါက မည်သည့်နေရာမှမဆို ဝယ်ယူမည်ဖြစ်ကြောင်း ကြာသပတေးနေ့(ဇန်-၁၂) တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


အိန္ဒိယရေနံသန့်စင်သူများသည် Brent စံရေနံစိမ်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရုရှားရေနံတစ်စည်လျှင် $15-$20 လျှော့ဈေးရရှိနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။


ရုရှားနိုင်ငံ အနောက်ပိုင်းရှိ ဆိပ်ကမ်းများမှ ယူရယ်ရေနံစိမ်းများကို စူပါရေနံတင်သင်္ဘောများ ဖြစ်ကြသည့် ပနားမား မှတ်ပုံတင် အလံလွှင်သည့် Lauren II, Monica S, Catalina 7, Natalina 7 တို့ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့သည်။ VLCC ဖြစ်သည့် Sao Paulo သည် အိန္ဒိယနိုင်ငံအနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ 


Eikon ၏ အချက်အလက်များအရ -

Lauren II ကို တရုတ်နိုင်ငံမှ Greetee Co Ltd က ပြေးဆွဲပြီး တရုတ်နိုင်ငံမှ Maisie Ltd က ပိုင်ဆိုင်သည်။

Catalina 7 ကို ဟောင်ကောင်မှ Canes Venatici Ltd က ပိုင်ဆိုင်သည်။

Natalina 7 ကို ဟောင်ကောင်မှ Astrid Menks Ltd က ပိုင်ဆိုင်သည်။

Catalina 7 နှင့် Natalina 7 တို့ကို တရုတ်နိုင်ငံမှ Runne Co Ltd က ပြေးဆွဲသည်။

 Monica S ကို တရုတ်နိုင်ငံမှ China's Gabrielle Ltd က ပိုင်ဆိုင်ပြီး တရုတ်နိုင်ငံမှ Derecttor Co Ltd မှ ပြေးဆွဲသည်။

 Sao Paulo ကို ဆိုက်ပရပ်စ်အခြေစိုက် Rotimo Holdings Ltd က ပိုင်ဆိုင်ပြေးဆွဲသည်။

 

၂၀၂၃ တွင် ရုရှားရေနံစိမ်း သယ်ယူပို့ဆောင်ရန်အတွက် စူပါရေနံတင်သင်္ဘော ၁၈ စင်း၊ Aframax အရွယ်အစား ရေနံတင်သင်္ဘော ၁၆ စင်း သုံးစွဲမည်ဟု ခန့်မှန်းသည်။ တစ်နှစ်တာတွင် ရုရှား ယူရယ်ရေနံစိမ်း တန်ချိန် ၁၅ သန်းဝန်းကျင် သာ်ယူပို့ဆောင်မည် ဖြစ်သည်။


VLCC အရွယ်အစားသည် စည် ၂ သန်းအထိ တင်ဆောင်နိုင်သည်။ Suezmax အရွယ်အစားသည် စည် ၁ သန်းအထိ တင်ဆောင်နိုင်သည်။ Aframax အရွယ်အစားသည် စည် ၆ သိန်းအထိတင်ဆောင်နိုင်သည်။ 

 

ရုရှားယူရယ်ရေနံစိမ်းများကို အနောက်နိုင်ငံများမှ မဟုတ်သော ရေနံတင်သင်္ဘောများဖြင့် တရုတ်၊ အိန္ဒိယနှင့် တူရကီတို့ထံ အဓိကအားဖြင့် ပို့ဆောင်နေရာ၌ ရေခဲပြင်ခွဲပြီး ခုတ်မောင်းနိုင်သည့် အတန်းအစား ရေနံတင်သင်္ဘော ice-class tanker များ မပါဝင်ပေ။


ရေခဲပြင်ခွဲရေနံတင်သင်္ဘောများသည် ဂရိနှင့် နော်ဝေးတို့မှ သင်္ဘောကုမ္ပဏီတို့၏ လက်ထဲတွင် ရှိနေသည်။ ဆောင်းရာသီတွင် ပင်လယ်ပြင် ရေခဲနေသည့် ဘောလတစ်ပင်လယ်ရှိ ဆိပ်ကမ်းများမှ ရုရှားရေနံစိမ်းများ တင်ပို့ရန် ရေခဲပြင်ခွဲရေနံတင်သင်္ဘော ရဖို့ ခဲယဉ်းနေသည်။


ထို့ပြင် ရေခဲပြင်ခွဲရေနံတင်သင်္ဘောများဖြင့် အာရှအထိ ပို့ဆောင်ပါက ပို့ဆောင်ခ စရိတ်ကြီးမားသဖြင့် VLCC ကိုသာ အာရှခရီးစဉ်များအတွက် အသုံးပြုကြသည်။ ရေခဲပြင်ခွဲရေနံတင်သင်္ဘောပေါ်မှ ရုရှားရေနံစိမ်းများကို မြေထဲပင်လယ် နိုင်ငံတကာရေပိုင်နက်အပါအဝင် နိုင်ငံတကာရေပိုင်နက်ထဲတွင် VLCC ထံသို့ သင်္ဘောမှ သင်္ဘောသို့ ပြောင်းတင်ခြင်း ship-to-ship transfer လုပ်ဆောင်ကြသည်။


Source Reuters 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)