MNP - ဖေဖေါ်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ စေတီကွင်းကျေးရွာရှိ ဖားလုပ်ငန်းရှင် ဦးသိန်းဝင်းအား ဖားမွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက တွေ့ဆုံမေးမြန်းခဲ့ကြောင်းသိရသည်။
ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ဖားများစတင် မွေးမြူချိန်မှ ရောင်းစျေးဝင်ချိန်ထိ ဆောင်ရွက်ရသည်များကို မေးမြန်းရာ ဖားလုပ်ငန်းရှင် ဦးသိန်းဝင်းက “ဖားများကိုစတင်မွေးမြူရာ၌ ကန်များဖြင့်မွေးမြူရပြီး ကန်ကို ၆ လက်မခန့်တူး၍ အောက်ခြေတွင် ကန်စခင်းကာ ရေထည့်သွင်း၍ မွေးမြူရကြောင်း၊ ဖားများခုန်ထွက်မသွားစေရန် ကန်ဘေး ပတ်ပတ်လည် တွင်လည်း မာလွန်စများပတ်ကာထားရကြောင်း၊ နေမပူစေရန်နှင့်အရိပ်ကောင်းစေရန် ကန်အပေါ်တွင် ကန်စနှင့်မာလွန်စတို့ကို ထပ်၍မိုးထားရကြောင်း၊ ဖားကန်မှရေကို သုံးရက်လျှင် တစ်ကြိမ် အသစ်လဲလှယ်ပေးရကြောင်း ပြောကြားခဲ့သည်။ ဖားများကို ၂၀၂၂ခုနှစ် ဇွန်လမှစတင်ကာ ဖားတစ်ကောင်လျှင် ၅၀၀ကျပ်နှုန်းဖြင့် အကောင်ရေ ၃၀၀၀မှ စတင်မွေးမြူခဲ့ပြီး အကြီး၊ အလတ်၊ အသေး သုံးမျိုးခွဲ၍ စီပီစာများ ကျွေးရကြောင်းနှင့် ၃ လကျော်လျှင် ၁၅ကျပ်သားခန့် အကောင်ကြီးထွားပြီးရောင်းစျေးဝင်ကြောင်း” ပြောကြားခဲ့သည်။
ယခုအခါတွင် ဖားများကို ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိပြီး ၁ ပိဿာလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိရာ စီးပွားရေး အဆင်ပြေလျှက်ရှိကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment