နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ လေးမျိုးဖြင့် နိုင်ငံအကျိုးကို ကောင်းမွန်စွာသယ်ပိုးနိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်ရန်လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ လေးမျိုးဖြင့် နိုင်ငံအကျိုးကို ကောင်းမွန်စွာသယ်ပိုးနိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်ရန်လိုအပ်


MNP   -   ဖေဖော်ဝါရီ ၂၇

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားတိုးတက်လာစေရေးအတွက် နိုင်ငံတော်မှချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဦးတည်ချက်(၄)ရပ်အနက်မှ ဒုတိယအချက်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနတွင်းရှိ ဝန်ထမ်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ၊ ကုမ္ပဏီဆိုင်ရာကိစ္စ၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များအောက်ရှိ ပညာရပ်ဆိုင်ရာကိစ္စရပ်များကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည် (Capacity)တိုးတက်စေရေးအတွက် ဘာသာရပ်ဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်တတ်ကျွမ်းရန်လိုအပ်ပါကြောင်းနှင့် ဝန်ထမ်းများအားလုံး နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ လေးမျိုးဖြင့် နိုင်ငံအကျိုးကိုကောင်းမွန်စွာသယ်ပိုးနိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သင်တန်းသားများနှင့် Group Presentation အကောင်းဆုံးရရှိသည့် သင်တန်းသားများကို ဆုများချီးမြှင့်သည်။


ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။ ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက သင်တန်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။


အဆိုပါသင်တန်းတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် စီမံခန့်ခွဲမှုသဘောတရားများ (Management)၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှု (Good Governance)၊၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (Myanmar Companies Law) ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၆ (Myanmar Investment Law) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး အဆိုပါသင်တန်းသို့ အရာထမ်း၊ အမှုထမ်း ၄၀ က လူကိုယ်တိုင်နှင့် အွန်လိုင်းမှတစ်ဆင့် ၃၄ ဦး စုစုပေါင်း ၇၄ ဦး တက်ရောက်ခဲ့ကြသည်။


အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဆင့်မြင့်အရာရှိများ၊ သင်တန်းသားများ အွန်လိုင်းအပါအဝင် စုစုပေါင်းအင်အား ၈၀ ကျော် တက်ရောက်ကြသည်။


ဝန်ကြီးဌာနတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)