MNP - ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာပရိယတ္တိစာမေးပွဲအသင်းကြီး အသင်းတည်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် စာအောင်ဆုနှင်း သဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေဘုန်းပွင့်တန်ဆောင်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ သဘာပတိဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ ဩသဓာဘိဝံသမဟာထေရ် ဆရာတော်ကြီးကိုယ်စား နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တကောမလ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ အသင်းကြီး၏ ဒုတိယဥက္ကဋ္ဌက ဆောင်ရွက်သည့်လုပ်ငန်းအောင်မြင်မှုများကို လျှောက်ထားခဲ့သည်။
ထို့နောက် သဘာပတိဆရာတော်ကြီးက သုဓမ္မာပရိယတ္တိစာမေးပွဲကြီးတွင် ဓမ္မာစရိယစာချတန်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းအတန်းတို့၌ ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်တော်နှင့် အောင်ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ရေစက်ချအနုမောဒနာတရားနာကြား၍ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်၊၊
ထက်ဝေဖြိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment