ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး





MNP  -   ဖေဖော်ဝါရီ ၂၇

ရိုးရာအမွေအနှစ်များမတိမ်ကောမပပျောက်စေရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာ အတတ်ပညာများ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာသော အထည်ထုတ်လုပ်ငန်းများကို တီထွင်နိုင်သည့် အတတ်ပညာများလေ့ကျင့်သင်ကြားပေးနိုင်ရေးတို့အတွက် ဘားအံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသည် နှစ်စဉ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် အဆိုပါသင်တန်းကျောင်းသို့သွားရောက်၍ သင်တန်းဖွင့် လှစ်ထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းခန်းမ၌ လက်ရက်ကန်း(၆)လသင်တန်း၊ ချည် မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းသို့ တက်ရောက်နေကြသော သင်တန်းသူ၊ သင်တန်းနည်းပြများနှင့်တွေ့ဆုံရာ အသေးစားစက်မှုလက်မှု ဦးစီးဌာနညွှန်ကြားရေးမှူးဦးအောင်ခန့်၊ ကျောင်းအုပ် ကြီးဒေါ်မိုးမိုးဌေးက သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တပေါင်းပွဲတော်တွင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီ တော်၊ ချမ်းသာကြီးမြတ်စွာဘုရားတွင် မသိုးသင်္ကန်ရက်လုပ်ပူဇော်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်၊ ကိုယ်တိုင်ချုပ်လုပ်ဝတ်ဆင်နိုင်ရေးစက်ချုပ်သင်တန်းကိုပါ ပူးတွဲဖွင့်လှစ်နိုင်ရေး လမ်းညွှန် မှာကြားပြီး သင်တန်းသူ ၃၀ အတွက် တစ်ဦးလျှင်ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ငွေကျပ် (၆)သိန်းကို ထောက်ပံ့ပေးအပ်သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းခန်းမ၌ သင်တန်းသူများ ရက်လုပ်ထားသည့် အဝတ်အထည်များ၊ ချည်ထည်များ၊ စာတွေ့၊ လက်တွေ့ လက်ရက်ကန်းရက်လုပ်နေမှု အခြေအနေများ၊ သင်တန်းတက်ရောက်နေထိုင်စားသောက်မှု အခြေအနေများ၊ ထမင်းစားဆောင်၊  ရိုးရာထည်များပြခန်းနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများ အရောင်းဆိုင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သင်တန်းသူများအတွက် ထမင်းစားဆောင် ဆောက်လုပ်နိုင်ရေး တွက်ချက်တင်ပြသွားရန်နှင့် တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ မြို့မဘောလုံးကွင်းတွင် တပေါင်းပွဲတော် ဇာတ်သဘင်ဖျော်ဖြေပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် အဆိုပါဇာတ်သဘင်ဖျော်ဖြေပွဲကို တပါင်းလဆန်း ၁၄ ရက်နေ့နှင့် တပေါင်းလပြည့်နေ့တို့တွင် စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)