MNP - ဖေဖော်ဝါရီ ၁၆
ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူထိရောက်မြန်ဆန်စေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၁၂)ချက်ကို ရှင်းလင်းပြောကြားပြီး လူအများနှင့်ဆက်ဆံရသည့်ဌာနဆိုင်ရာများအနေဖြင့် အများပြည်သူ စိတ်အေးချမ်းသာစွာဝန်ဆောင်မှုရယူနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိရန်လိုကြောင်း၊ စီးပွားရေးအင်အားတောင့်တင်းအောင် ဆောင်ရွက်ဖို့လိုပြီး စီးပွားရေးမြှင့်တင်ခြင်းသည် ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် အကောင်းဆုံးဖြစ်ကြောင်း၊ ယခုအခါအခြေခံပညာကျောင်းများတွင် စာမေးပွဲဖြေဆိုနေကြပြီး စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန်နှင့် လာမည့်နှစ်တွင် ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေနိုင်ရေးဆောင်ရွက်ပေးကြစေလိုကြောင်း၊ သွင်းကုန်အစားထိုးနိုင်ရေး စိုက် ပျိုးမွေးမြူရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လိုပြီး မြေပဲ၊ နှမ်း၊ နေကြာ အစရှိသော ဆီထွက်သီးနှံများကို ပိုမို စိုက်ပျိုးထုတ်လုပ်ရန်လိုကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စားသုံးဆီဖူလုံပိုလျှံအောင်ဆောင်ရွက်ရန်အတွက် စီမံချက်ရေးဆွဲတင်ပြရန်နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပြည်ပသို့တင်သွင်းနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်း၊ ဝန်ကြီးဌာနအလိုက် ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက တင်ပြချက်များအပေါ် ထပ်ဆင့်ဆွေးနွေးခဲ့ကြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment