MNP ၊ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မင်းလှမြို့နယ်၊ မိကျောင်းရဲကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၂၅၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၈၅ ဦး၊ ခွဲစိတ်ရောဂါ ၂၀ ဦး၊ ကလေးရောဂါ ၁၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၂ ဦး၊ အရိုးရောဂါ ၄၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၂ ဦး၊ မျက်စိရောဂါ ၅၃ ဦးနှင့် သွားရောဂါ ၁၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၂ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၁၉ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၁၁ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ၎င်းအပြင် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချို ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:
Post a Comment