ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တက်ရောက်


MNP   -   ဖေဖော်ဝါရီ ၁၆

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သည့်လုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုပါကြောင်း၊ ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးအရသော်လည်းကောင်း၊ လုံခြုံရေးအခြေအနေအရသော်လည်းကောင်း ကန့်သတ်ချက်များဖြင့် ဆောင်ရွက်နေရ သော်လည်း နိုင်ငံတော်နှင့် မိမိတို့၏ဌာနအပေါ် သစ္စာစောင့်သိစွာဖြင့် ကြိုးကြိုးစားစား ဆောင်ရွက်ပေးနေကြသည့်အတွက် အသိအမှတ်ပြုပါကြောင်းနှင့် နောက်နောင်လည်း ယခုကဲ့သို့ ဆက်လက်ကြိုးစားဆောင်ရွက်သွားစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။   


ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က ချင်းပြည်နယ်တွင် မြို့နယ်(၉)မြို့နယ်ရှိသည့်အနက် ပလက်ဝမြို့နယ်ကလွဲ၍ မြို့နယ်(၈) မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ( Martial Law) ထုတ်ပြန်ထားပါကြောင်း သို့သော်လည်း ဌာနဆိုင်ရာ များအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အချင်းချင်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်သည့်လုပ်ငန်းများနှင့် ပတ်သက်၍လည်း အခက်အခဲများရှိပါက   အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းဖြင့် ဆွေးနွေးသည်။


ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးတို့က ဌာနဆိုင်ရာများ လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သည့်လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များ အကြံပြုဆွေးနွေးတင်ပြကြသည်။


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ငွေလုံးငွေရင်းနှင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအနေဖြင့် သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင် ကွပ်ကဲကြပ်မတ်ဆောင်ရွက်သွားစေလိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)