လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲဆောင်ရွက်နိုင်မှသာ တောင်သူများ၏ လူမှုစီးပွားဘဝများလည်း သိသိသာသာပြောင်းလဲနိုင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲဆောင်ရွက်နိုင်မှသာ တောင်သူများ၏ လူမှုစီးပွားဘဝများလည်း သိသိသာသာပြောင်းလဲနိုင်မည်


MNP   -   ဇန်နဝါရီ ၃၁   

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် မဒန်းရေလွှဲဆည်နှင့် ဆည်ရေသောက်စနစ်တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများက ဆည်ရေပေးဝေမှု၊ ရေသောက်စနစ်နှင့် အကျိုးပြုဧရိယာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။


မဒန်းရေလှောင်တမံတွင် ယခုနှစ် ဝင်ရေ ၇၁ ရာခိုင်နှုန်း သိုလှောင်ထားနိုင်ပြီး မဒန်းရေလွှဲဆည် နှင့် တည်ဆောက်ပြီးရေသောက်စနစ်မှ ဆောင်းသီးနှံမတ်ပဲ ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်းသီးနှံ ဧက ၂၀၀၀ ခန့် စိုက်ပျိုးလျက်ရှိသည်။ ရေသောက်စနစ်စတင်တည်ဆောက်ဆဲ ကာလဖြစ်သည့် ယမန်နှစ်ကနွေစပါး ဧက ၈၀၀ စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်နွေစပါး ဧက ၂၄၀၀ အတွက် စိုက်ပျိုးရေပေးဝေနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ရေသောက်စနစ်အားလုံး ပြီးစီးပါက စိုက်ပျိုးမြေဧက ၆၀၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မဒန်းရေသောက်စနစ် လက်တံမြောင်း (၅) ရွှေပြည်အေး ကျေးရွာအနီး ရှင်းလင်းဆောင်တွင် မဒန်းရေသောက်စနစ်အတွင်းရှိ ရေအသုံးချသူများအဖွဲ့ (WUG) ဝင်တောင်သူများ၊ ဒေသနေပြည်သူများနှင့်တွေ့ဆုံ၍ ဆွေးနွေးပြောကြားရာတွင် နိုင်ငံ၏အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေကို စံပြဒေသအဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်လျက်ရှိရာတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေးနှင့် လယ်ယာထွက်ကုန်အခြေခံကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံထုတ်လုပ်မှုတိုးတက်စေရန် မျိုးစေ့၊ သွင်းအားစု၊ စိုက်ပျိုးရေနှင့် နည်းပညာရရှိရေးအပြင် စျေးကွက်နှင့် ချိတ်ဆက်ပေးရေးအထိ မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဌာန ဆိုင်ရာများ၊ ဆက်စပ်အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တောင်သူတစ်ဦးချင်း ချိတ်ဆက်ဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့အနေဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်းက ပိုမိုထိရောက်နိုင်ကြောင်း၊ သို့ဖြစ်၍ ဧရိယာတစ်ကွင်းတစ်ဆက်တည်းအတွင်းရှိ စိတ်တူ ကိုယ်တူတောင်သူများစုပေါင်းပြီး လယ်ယာကုန်ထုတ်သမဝါယမအသင်းဖွဲ့စည်းဆောင်ရွက်ကြစေလိုကြောင်း၊ စုပေါင်းမတည်ငွေဖြင့် တောင့်တင်းခိုင်မာသည့်ရင်းနှီးမြှုပ်နှံမှု၊ အရည်အသွေးတူ၊ အမျိုးတူသီးနှံကိုတစ်အုပ်တစ်မ စိုက်ပျိုးထုတ်လုပ်မှုများကြောင့် လက်ကားစျေးကွက်ကို တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်၍ စျေးကွက်သေချာမှုရှိရုံသာမက ကုန်သွယ်မှုအဆင့်လျှော့ချနိုင်မှုနှင့်အတူ ဈေးကွက်ဝေစုအကျိုးအမြတ်လည်းခံစားနိုင်ကြ မည်ဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်းတိုးရေးအတွက် ခေတ်မီစိုက်ပျိုးမှုနည်းစနစ် ပြောင်းလဲကျင့်သုံးသကဲ့သို့ လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကိုလည်း ခေတ်စနစ်နှင့်အညီ ပြောင်းလဲဆောင်ရွက်နိုင်မှသာ တောင်သူများ၏ လူမှုစီးပွားဘဝများလည်း သိသိသာသာပြောင်းလဲနိုင်ကြမည်ဖြစ်၍ မိမိတို့အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် ရေအသုံးချသူများအဖွဲ့ (WUG) ဝင်တောင်သူများ၊ ဒေသနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆည်ရေကိုအကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ တစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းများလုပ်ကိုင်နိုင်ရေး ဖြည့်စွက်ဆွေးနွေးပြီး ဒေသ၏လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)