မဟုတ်မမှန် လုပ်ဇာတ်ခင်းတဲ့နေရာမှာ ပူလစ်ဇာဆုချရမယ့် Ayeyarwaddy Times သတင်းဌာန (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟုတ်မမှန် လုပ်ဇာတ်ခင်းတဲ့နေရာမှာ ပူလစ်ဇာဆုချရမယ့် Ayeyarwaddy Times သတင်းဌာန (အိတ်ဖွင့်ပေးစာ)


ပြီးခဲ့တဲ့ ၄ ရက်လောက်က Ayeyarwaddy Times သတင်းဌာနက သတင်းတစ်ပုဒ် တက်လာပါတယ်။ အဲဒီ သတင်းဌာနကို ဘယ်သူက ပို့လိုက်တယ်တော့ မသိဘူး။ Like ပေးသူတွေ၊ Comment ပေးသူတွေ၊ Share လုပ်သူတွေကိုတော့ ဆင်ခြင်အသိလေး ရစေဖို့ မဟုတ်မမှန် လုပ်ဇာတ်ခင်းထားတဲ့ သတင်းတွေ ဖော်ပြနေတဲ့ ကျင့်ဝတ်သိက္ခာမရှိတဲ့ သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အပေါ် သတင်းမှန်၊ ဖြစ်ရပ်မှန် တင်ပြပေးချင်ပါတယ်။ အမှားကြာ အမှန်ဖြစ်မှာ စိုးလို့ပါ။

Ayeyarwaddy Times သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာ (ခလရ (၂၇) မူလတန်းကျောင်းဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနရဲ့ ချပေးတဲ့ ဘတ်ဂျက်ငွေကို ဒုတိယဗိုလ်မှူးကြီး နိုင်လွင်က အလွဲသုံးစားလုပ်၍ အလှူခံဆောက်လုပ်ရန် စီမံ) ဆိုပြီး ဖော်ပြထားပါတယ်။

အမှန်တကယ်မှာ ခလရ(၂၇) မှာ မူလတန်းကျောင်းလဲ မဟုတ်ပါဘူး။ အလယ်တန်းကျောင်းပါ။ ပညာရေးဝန်ကြီးဌာနက ချပေးတဲ့ ဘတ်ဂျက်ငွေလည်း မဟုတ်ပါဘူး။ မအူပင်မြို့မှာ ရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (စွမ်းအင်ဝန်ကြီးဌာန) ရဲ့ CSR ဘတ်ဂျက်ငွေပါ။ အဆိုပါ ရေနံမြေမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထွက်ရှိ၍ ရရှိလာသည့် အကျိုးအမြတ်မှ တချို့ကို ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ထည့်ဝင်ပေးတဲ့ ငွေကြေးဖြစ်ပါတယ်။ အဆိုပါ ငွေကြေးရရှိအောင် G1 မှ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မေတ္တာရပ်ခံတင်ပြခဲ့တဲ့အတွက် ချထားပေးခြင်း ဖြစ်ပါတယ်။ ရရှိလာတဲ့ ငွေကြေးကိုလည်း ခလရ(၂၇) ကျောင်းအုပ်ဆရာမကြီးထံသို့ အပ်နှံခဲ့ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ပံ့ပိုးကူညီပေးခဲ့ပါတယ်။

Ayeyarwaddy Times သတင်းဌာနရဲ့ ဖော်ပြချက် ဒုတိယအပိုဒ်မှာ (မတ်လ ၂၀၂၃ ပထမအပတ်ထဲမှာ ပညာရေးဝန်ကြီးဌာနမှ ကျောင်းဆောက်မည့်ငွေကို ချပေးလိုက်တယ်) လို့ လွဲမှားစွာ ဖော်ပြထားပါတယ်။ အမှန်မှာ ၂၀၂၃၊ ဇန်နဝါရီလကတည်းက CSR အနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့က ထုတ်ပေးခဲ့ပြီး ကျောင်းပြင်ဆင်မှုလုပ်ငန်းများ အားလုံး (၆-၃-၂၀၂၃) ကတည်းက ပြီးစီးနေပြီ ဖြစ်ပါတယ်။

သတင်းဌာနတစ်ခု အနေနဲ့ မမှန်ကန်တဲ့ သတင်းအချက်တွေနဲ့ ပြည်သူအများ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံဖန်တီး ရေးသားဖော်ပြထားတာ ထင်ရှားပါတယ်။ သတင်းတစ်ပုဒ်လုံးမှာ မဟုတ်မှန်တဲ့ အချက်တွေက များများ၊ မမှန်တာ ကဲကဲနှင့် စွပ်စွဲ ပုတ်ခတ် လုပ်ကြံဖန်တီးဖော်ပြထားတာ ထင်ရှားနေပါတယ်။

မအူပင် က BKK စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး Ayeyarwaddy Times သတင်းဌာနမှာ မဟုတ်မမှန် သတင်းတွေ လုပ်ကြံဖန်တီး ဖော်ပြနေတာလည်း ပလူပျံလို့ပါပဲ။ အကြောင်းအရင်းကို စိစစ်ကြည့်လိုက်တော့ မအူပင်မြို့က NLD သတင်းထောက် အောင်မြသန်းဆိုသူဟာ နယ်စပ်တစ်နေရာမှာ ထွက်ပြေးခိုလှုံနေရပြီး သူ့ရဲ့စားဝတ်နေရေး ပြေလည်စေရန်အတွက် မအူပင်နဲ့ ပတ်သက်တဲ့ သတင်းတွေ လုပ်ကြံဖန်တီးရေးသားပြီး လုပ်စားနေတယ်လို့ ကြားသိရပါတယ်။

BKK စားသောက်ဆိုင်ဟာဆိုရင် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး တပ်မတော်ဘက်က ရပ်တည်ဆောင်ရွက်ခဲ့တယ်။ တပ်မတော်ကို ထောက်ခံ ဝန်းရံအားပေးတဲ့ တပ်မတော်ချစ်သူ မိသားစုတွေ ဖြစ်ပါတယ်။ မအူပင်မြို့မှာ ဆောင်ရွက်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုကြိုဆိုပွဲ) အခမ်းအနားတွေမှာ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့တဲ့ မိသားစု ဖြစ်တဲ့အတွက် အကြမ်းဖက်သမားများရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှေ့ဆုံးက ပါဝင်နေသူတွေ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေကို ကြောက်ပြီး မိမိတို့ရဲ့ ယုံကြည်ထောက်ခံမှု၊ ရပ်တည်မှုကိုတော့ လုံးဝ မပြောင်းလဲသွားပါဘူး။ အကြမ်းဖက်သမားတွေကို ကြောက်ပြီး နှုတ်ဆိတ်နေတာမျိုး၊ နောက်ဆုတ်နေတာမျိုး ဘယ်တုံးကမှ မလုပ်ခဲ့ပါဘူး။ နစက ဂုဏ်ပြုပွဲတိုင်းမှာ မိသားစုဝင်အားလုံး အားတက်သရော ရှေ့ဆုံးက ပါဝင်ခဲ့ကြသူတွေပါ။ 

BKK ဆိုင် ရောင်းအားမြှင့်တင်ရေးအတွက် Facebook ပေါ် တင်တိုင်း ဣဿမစ္ဆရိယ သိပ်ကို များလွန်းတဲ့ နိုင်ငံရေးလုပ်စားသူတွေဟာ သတင်းမီဒီယာတွေကနေ အမျိုးမျိုးသော အမနာပ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေနဲ့ တိုက်ခိုက်ကြပါတယ်။

ဒုတိယဗိုလ်မှူးကြီး နိုင်လွင် အနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ခန့်ထားရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ မအူပင်ခရိုင်မှာ စီမံကောင်စီအဖွဲ့ဝင် (လုံခြုံရေးကောင်စီ) တာဝန်ကို စတင်ဆောင်ရွက်ကတည်းက အကြမ်းဖက်လှုပ်ရှားမှု၊ အကြမ်းဖက်သမားများထံ ထောက်ပံ့မှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့ပါတယ်။ မအူပင်ခရိုင် လုံခြုံရေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်လျက်ရှိပါတယ်။ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး အကြမ်းဖက်လှုပ်ရှားမှုတွေကို အလေးထားနှိမ်နင်းဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် NLD နဲ့ အကြမ်းဖက် ထောက်ခံသူများ (တစ်ချို့ တစ်ချို့သော) သူများရဲ့ မလိုမုန်းထားခြင်း ခံရပါတယ်။ သူတို့ရဲ့ အတ္တနဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်လိုမှု ဆန္ဒတွေ မပြည့်ဝတဲ့အတွက်ကြောင့် မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ မကြာခဏ တိုက်ခိုက်နေကြပါတယ်။

ဒီအချိန်မှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားရေးသည် အလွန်အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ NLD ပါတီဝင်များ၊ ထောက်ခံသူများ၊ အကြမ်းဖက်လှုပ်ရှားမှုနဲ့ ဆက်နွယ်နေသူများက နည်းလမ်းမျိုးစုံနဲ့ သူတို့လူတွေ အုပ်ချုပ်ရေးမှူး ဖြစ်ရေးကို ကြိုးပမ်းလာတာ တွေ့နေရပါတယ်။ အုပ်ချုပ်ရေးမှူး နေရာရရေးအတွက် လောင်းကစားသမားများ၊ မူးယစ်ဆေးဝါးဖြန့်ချိသူများနှင့် ပတ်သက်နေသူများကပါ ရပ်ကျေးအုပ်ချုပ်ရေးမှာ သြဇာလွှမ်းမိုးခြယ်လှယ်နိုင်ရန် ကြိုးပမ်းလာတဲ့အခြေအနေကို တွေ့နေရပါတယ်။

တည်ငြိမ်အေးချမ်းမှု ပျက်ပြားရေးကို အစဉ်သဖြင့် ဦးတည်ဆောင်ရွက်နေတဲ့ NLD က အကြမ်းဖက်လှုပ်ရှားသူများဟာ သူတို့သြဇာခံ အုပ်ချုပ်ရေးမှူးများ ဖြစ်စေရေး၊ ရွေးကောက်ပွဲမှာ ကမောကမဖြစ်အောင် ရပ်ကျေး အုပ်ချုပ်ရေးကို ချုပ်ကိုင် ခြယ်လှယ်နိုင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပါတယ်။

အလုံးစုံပျက်သုဉ်းရေးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြသူတွေရဲ့ အကြံဆိုးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်ရောက်ခြေရှုပ်လာခြင်းဟာ သာမာန်စီမံခန့်ခွဲမှု ကိစ္စကို ကျော်လွန်ပြီး တပ်မတော်အစိုးရရဲ့ တည်ငြိမ်အေးချမ်းအောင် တည်ဆောက်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ လုံခြုံရေးကိုပါ ထိပါးလာမည့် အခြေအနေကို သက်ရောက်လာနိုင်တဲ့အတွက် ဒုတိယဗိုလ်မှူးကြီး နိုင်လွင်အနေနဲ့ အလေးထားဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။ 

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ NLD ပါတီက အကြမ်းဖက်လှုပ်ရှားသူတွေအနေနဲ့ သူတို့ရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်တွေဟာ ဒုတိယဗိုလ်မှူးကြီး နိုင်လွင် ရဲ့ စီမံခန့်ခွဲမှုတွေကြောင့် အထမမြောက်နိုသည့်အတွက် မဟုတ်မမှန် လုပ်ကြံသတင်းတွေ ဖန်တီးပြီး ရည်ရွယ်ချက်ရှိရှိ ဖော်ပြနေတဲ့ Ayeyarwaddy Times သတင်းဌာနရဲ့ လုပ်ကြံဖန်တီး ရေးသားဖော်ပြချက်တွေအပေါ် အောက်တန်းကျလွန်းသော လုပ်ရပ်များအဖြစ်သာ ရှုမြင်ပါတယ်။ အကြမ်းဖက်ဝါဒီတွေအနေနဲ့ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကို မှန်ကန်တိကျမှုမရှိတဲ့ အချက်အလက်တွေနဲ့ ပြည်သူအများ အသိမှား၊ အမြင်မှားဖြစ်အောင် ဖန်တီးပြီး တပ်မတော်နဲ့ ပြည်သူကြား အမုန်းတရားများဖြစ်ပေါ်အောင် ဖန်တီးနေသူများဖြစ်ကြောင်း အများပြည်သူအနေဖြင့် Ayeyarwaddy Times သတင်းဌာန၏ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများအပေါ် သိရှိနားလည်နိုင်စေရန် တည်ငြိမ်အေးချမ်းမှုနှင့် အမှန်တရားလိုလားသူ တစ်ဦးအနေဖြင့် အသိပေးအပ်ပါသည်။


အမှန်တရားလိုလားသူတစ်ဦး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)