အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးထုကို ကိုယ်စားပြုပြီး အနိုင်ရအောင် စွမ်းဆောင်ခဲ့တဲ့ ယူ-၂၀ အမျိုးသမီး ဘောလုံးအသင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးထုကို ကိုယ်စားပြုပြီး အနိုင်ရအောင် စွမ်းဆောင်ခဲ့တဲ့ ယူ-၂၀ အမျိုးသမီး ဘောလုံးအသင်း

 








ယမန်နေ့ က ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ ကမ္ဘောဒီးယား - မြန်မာ ဘောလုံးပွဲစဉ်ကို ကြည့်ရှုလိုက်ရပါတယ်။ ဘောလုံးပွဲမှာ မြန်မာလူငယ်အမျိုးသမီးအသင်း က တစ်ဖက်သတ် ဖိကစားနိုင်တာကို တွေ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကလည်း သိသိသာသာကို ကွာခြားပြီးတော့ ကွင်းတစ်ဝက်အထိ စီးကစားနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဘောလုံးပရိတ်သတ်တွေ ပြောနေကြစကားအတိုင်း ပြောရရင်တော့ မြန်မာဂိုးသမား ခြင်ကိုက်နေသလားလောက်ပါတယ်။

တစ်ဦးချင်းစွမ်းရည်ပိုင်းမှာလည်း မြန်မာလူငယ်အမျိုးသမီးတွေက သာလွန်သလို အပေး အယူ အချိတ်ဆက် လေးတွေကလည်း တော်တော်လေးကို သပ်ရပ်လှပတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာစီးရ၊ အချိတ်အဆက် ကောင်းကောင်းနိုင်နဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးရရှိမှုအပိုင်းက (၂)ဂိုးသာ ဖြစ်တဲ့အတွက်ကြောင့် နည်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာဂိုးသမား ခြင်ကိုက်နေပေမယ့် တစ်ဖက်အသင်းက ဂိုးသမားကတော့ အလူးအလဲ လက်စွမ်းပြကာကွယ်ခဲ့ရပါတယ်။ ဂိုးအရ နည်းတယ်ဆိုတာကလည်း တစ်ဖက်အသင်းက မစီးနိုင်တဲ့အတွက် တစ်သင်းလုံးပိတ်ပြီး ခံစစ်ကစားတဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ မြန်မာအမျိုးသမီး လူငယ်တွေက ပါးပါးနပ်နပ်နဲ့ နောက်တန်းမှာ အပေးအယူ လုပ်ပြီး တစ်ဖက်အသင်းရဲ့ ခံစစ် ပြိုကွဲအောင် လုပ်သည့်တိုင်အောင် ကမ္ဘောဒီးယားအသင်းက ရှေ့တန်းတိုက်စစ် တစ်ဦးတစ်လေတောင် ကျွံထွက်မလာဘဲ ခံစစ်မှာပဲ ပိတ်စို့နေထားတဲ့ အတွက်ကြောင့် ၂ဂိုးနဲ့ ကျေနပ်ခဲ့ရခြင်း ဖြစ်ပါတယ်။ သူတိုက် ကိုယ်တိုက် ဖွင့်ကစားကြမယ်ဆိုရင်တော့ မြန်မာအသင်းအတွက် ဂိုးပိုရနိုင်ခြေရှိပါတယ်။

အပေး အယူ အချိတ်အဆက် ကောင်းကောင်းနဲ့ ကစားခဲ့တဲ့ မြန်မာအမျိုးသမီး လူငယ်အသင်းမှာ ဂိုးသွင်းစွမ်းရည်ပိုင်း ဒီထက်ပိုပြီး မြှင့်တင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကန်ချက်ပိုင်းမှာ အမျိုးသမီးများဖြစ်သည့်အတွက် အားပျော့တာကြောင့် ရသင့်သလောက် မရခဲ့တာလည်း ပါပါတယ်။ မြန်မာအမျိုးသမီး ယူ-၂၀ အသင်း ပါဝင်နေတဲ့ အုပ်စု(G) မှာက အိမ်ရှင်ကမ္ဘောဒီးယား၊ မလေးရှား၊ ပါကစ္စတန် (၄)သင်း ကစားရမှာ ဖြစ်ပေမယ့် ပါကစ္စတန်အသင်းက နှုတ်ထွက်သွားတယ်ဆိုတဲ့ အတွက်ကြောင့် မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား (၃)သင်း တစ်အုပ်စု ဖြစ်နေပါတယ်။ မလေးရှားအသင်း နဲ့ ထပ်မံ ဆုံတွေ့ရပါလိမ့်မယ်။ မလေးရှားကိုတော့ ဒီထက်ပိုပြီး ကစားအားမြှင့်တင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနဲ့ ပွဲကို ကြည့်လိုက်ရင် မြန်မာအမျိုးသမီးလူငယ်အသင်းရဲ့ ကစားပုံ၊ ကြိုးစားမှုဟာ ပြစ်တင်ပြောဆိုစရာ တစ်ကွက်မှ မရှိပါဘူး။ ပထမပိုင်းမှာ အသာစီးကစားနိုင်ပေမယ့် ဂိုးရလာဒ် မထွက်လာခဲ့တဲ့အတွက် လူစားထိုး အပြောင်းအလဲတွေ လုပ်ဆောင်လာခဲ့ရပါတယ်။ လူစားလဲ ဝင်လာတဲ့ ကစားသမားတွေဟာ အကောင်းဆုံးကြိုးစားပြီး ပွဲချိန် ၄၉ မိနစ်မှာ ကျောနံပါတ် (၂၂) စန္ဒာလင်း က အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာတော့ လူစားလဲ ဝင်လာတဲ့ ကျောနံပါတ် (၁၂) ဝေနှင်းဖြိုးက ဒုတိယအနိုင်ဂိုး ကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ အနိုင်ဂိုး မရခဲ့ရင်တောင် အပြစ်ပြောစရာ မရှိပါဘူး။ အနိုင်ဂိုးတွေပါ ရအောင်သွင်းယူပေးခဲ့တဲ့အတွက်တော့ အတိုင်းထက်အလွန် ဖြစ်ခဲ့ရပါတယ်။

မြန်မာ့အမျိုးသမီး လက်ရွေးစင်အသင်းကြီးဟာလည်း အာရှအသင်းတွေကြားမှာ ထိုးဖောက်နိုင်ခဲ့သလို မျိုးဆက်သစ် လူငယ်အမျိုးသမီးများဟာလည်း ခေသူများ မဟုတ်ကြောင်း ယူ-၂၀ အမျိုးသမီးလူငယ်အသင်းက သက်သေပြနေပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးထုကို ကိုယ်စားပြုပြီး အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တာကိုလည်း ဂုဏ်ယူရမှာ ဖြစ်ပါတယ်။

ယူ-၂၀ အမျိုးသမီး ဘောလုံးအသင်းရဲ့ နိုင်ပွဲ ပီတိကို ခံစားရင်း ဘောလုံးကို အားပေးခဲ့တဲ့ ကာလတလျှောက်ကို ပြန်မြင်ယောင်ကြည့်မိတယ်။ စိုးမြတ်မင်းတို့ ယူ-၁၈ တုန်းကလည်း ဂျပန်လို အသင်းမျိုးကို ရေကုန်ရေခမ်း ကစားနိုင်ခဲ့တဲ့ မှတ်တမ်းတွေ ရှိတယ်။ မောင်မောင်လွင်၊ အောင်သူ၊ သန်းပိုင် တို့ ယူ-၂၀ တုန်းကလည်း ကမ္ဘာ့ဖလားအထိ တက်လှမ်းနိုင်ခဲ့တဲ့ သမိုင်းကောင်းလေးတွေ ရှိတယ်။ နောက်ပိုင်းမှာ ကစားအားကျလာပြီး အာဆီယံဒေသတွင်း အသင်းတွေနဲ့တောင် အလူးအလဲ အရှုံးပေးခဲ့ရတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့တယ်။ တက်သစ်စမှာ ရေကုန်ရေခမ်းကြိုးစားပြီး အသင်းကြီးကို ရောက်လာတဲ့အချိန်မှာ လေ့ကျင့်မှုလျော့ကျလာတဲ့အပိုင်းတွေကို မြင်တွေ့ရတယ်။ တဖက်မှာလည်း ပြည်ပထွက်ကစားနေကြရတဲ့ အားကစားသမားတွေ ပြောခဲ့တာ ရှိတယ်။ ဒီလိုရင်ဖွင့်ပြောဆိုလာတာတွေကိုလည်း အပြစ်ဆိုလို့မရပါဘူး။ အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ ထိုင်းနိုင်ငံက အားကစားသမားတွေနဲ့ မြန်မာနိုင်ငံက အားကစားတွေမှာတောင် အကျိုးခံစားခွင့်က သိသိသာသာ ကွာဟနေတာကို ကြည့်ရင် အားကစားသမားတွေ ရင်ဖွင့်ပြောဆိုတာက မမှားပါဘူး။

တိုင်းပြည်ကို ကိုယ်စားပြုပြီး ကစားလို့လည်း ဘာမှ အကျိုးခံစားခွင့် မရှိဘူးဆိုတဲ့ စကားမျိုးတွေ ကြားသိခဲ့ရပါတယ်။ နိုင်ငံဂုဏ်ဆောင်အသင်းကို ရောက်လာတဲ့ ကစားသမားများကိုတော့ဖြင့် အတိုင်းအတာတစ်ခုအထိ ကြည့်ရှုထောက်ပံ့ပေးသင့်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ SeaGame ပြိုင်ပွဲမှာ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ ဆွတ်ခူးပြီး တိုင်းပြည်ရဲ့ဂုဏ်ကို မြှင့်တင်ခဲ့ကြတဲ့ အားကစားသမားတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့တာကို တွေ့မြင်ရပါတယ်။ ရေရှည်အတွက်လည်း အားကစားသမားတွေအနေနဲ့ တိုင်းပြည်ဂုဏ်ကို မြင့်သထက်မြင့်အောင် စွမ်းအောင်နိုင်ဖို့ အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

လူငယ်အသင်းမှာ ကြိုးစားအားထုတ်သလောက် အမျိုးသားအဆင့်မှာလည်း ခြေစွမ်းကျမသွားအောင် သူတို့ရဲ့ နေ့စဉ်လူမှုဘဝမှာ အတိဒုက္ခမရောက်အောင် နိုင်ငံတော်က စနစ်တကျ စီမံပေးဖို့ အကြံပြုလိုခြင်း သဘောပါ။

ယူ-၂၀ အမျိုးသမီးအသင်းအနေနဲ့တော့ အိမ်ရှင်ကမ္ဘောဒီးယားကို ခြေစွမ်းပိုင်း အပြတ်အသတ် နဲ့ အနိုင်ဂိုး ၂ဂိုး သွင်းယူပြီး အောင်ပွဲဆင်ခဲ့ပါပြီ။ ၁၂-၃-၂၀၂၃ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အောင်ပွဲနဲ့အတူ မြင်တွေ့ရမလားဆိုတာတော့ စောင့်မျှော်အားပေးကြရမှာ ဖြစ်ပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)