ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများအတွက် စတုတ္ထအကြိမ်မြောက် ဆွမ်းပဒေသာပင် ဆွမ်းဆန်တော် မြေပဲဆီနှင့် ပဲနီပြားများ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများအတွက် စတုတ္ထအကြိမ်မြောက် ဆွမ်းပဒေသာပင် ဆွမ်းဆန်တော် မြေပဲဆီနှင့် ပဲနီပြားများ လှူဒါန်း

 





MNP ၊ မတ်  ၂၀                     

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ပရိယတ္တိစာပေများ၊ သင်ကြားသင်ယူလျက်ရှိကြသည့်  ရဟန်း ၊ သာမဏေ ၊ သီလရှင်များအား ဆွမ်း ၊ ကွမ်း၊ ဝေယျာဝစ္စကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူလူထုမှ စတုတ္ထအကြိမ်မြောက် ဆွမ်းပဒေသာပင် ဆွမ်းဆန်တော် မြေပဲဆီနှင့် ပဲနီပြားများလှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ရွှေစည်းခုံစေတီတော်၊ ဝဇယန္တာဓမ္မဗမာန်တော်ကြီးအတွင်း၌ လှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဆွမ်းပဒေသာပင် ဆွမ်းဆန်တော် မြေပဲဆီနှင့် ပဲနီပြားများ လှူဒါန်းပွဲ အခမ်းအနား ဖွင့်လှစ်သည်။ ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ရုပ်စုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော် နာယူကြည်ညိုကြသည်။ ပြီးနောက် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ပင့်သံဃာ အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများဖြစ်သည့် ဆွမ်းဆန်တော်၊ မြေပဲဆီ၊ ပဲနီပြားနှင့် ဆွမ်းပဒေသာပင်များအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင် စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက စာသင်တိုက်များအား ဆက်ကပ်လှူဒါန်းကြကာ မဟာဝိသုတာရုံ စာသင်တိုက် (စဉ့်ကူ) ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမ(အဂ္ဂမဟာပဏ္ဍိတ)အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်ချ အမျှအတန်းပေးဝေကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


စာသင်တိုက်ကြီးများအတွက် စတုတ္ထအကြိမ်မြောက် ဆွမ်းပဒေသာပင် ဆွမ်းဆန်တော်၊ မြေပဲဆီနှင့် ပဲနီပြား လှူဒါန်းကြရာ မဟာဝိသုတာရာမတိုက်သစ်ကျေိာင်းတိုက်၊ ဇေယျဝတီစာသင်တိုက်၊ ကျန်စစ်သားဥမင်စာသင်တိုက်၊ အလိုတော်ပြည့်စာသင်တိုက်၊ ဣသိပညဒေဝဂုရုစာသင်တိုက်၊ လောကနန္ဒာစာသင်တိုက်၊ မဟာဝိသုတာရုံစာသင်တိုက်(စဉ့်ကူ)ဓမ္မဝတီသီလရှင်စာသင်တိုက်၊သံပျင်မင်းသမီးသီလရှင်စာသင်တိုက်၊သာသနာ့ရောင်ခြည်သီလရှင်စာသင်တိုက်တို့ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် (၆၀၂) ပါး တို့အတွက် ကျောင်းတိုက်တစ်တိုက်လျှင် ငါးသိန်းကျပ်ဖြင့် ကျပ်သိန်းငါးဆယ်၊ (၂၄)ပြည် ပါဆန်အိတ် (၃၀၁)အိတ်၊ မြေပဲဆီ အချိန်(၁၀) ပိဿာပါပုံး (၆၀)ပုံးနှင့်(၂)ပိဿာ ခြောက်ဆယ်နှစ်ပိဿာ၊ ပဲနီပြား (၂၄)ပြည်ပါအိတ် (၅၀)အိတ်တို့အား စာသင်တိုက်(၁၀)တိုက်တို့အား လှူဒါန်း ဆက်ကပ်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)