MNP ၊ မတ် ၂၂
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က FIFA-MFF U15 Youth League 2023 ပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားပြီး ပြိုင်ပွဲဝင် အသင်းများ ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက် နောက်ဆုံးထား မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင်မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်းညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth League 2023) အား ယခုနှစ် မေလပထမပတ်တွင် အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည်ဇုန်အဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၂ သင်း၊ မကွေးတိုင်း ဒေသကြီးမှ ၁ သင်း၊ နေပြည်တော်ကောင်စီမှ ၁သင်း၊ ရှမ်းပြည်နယ်မှ ၃ သင်း၊ ချင်းပြည်နယ်မှ ၁သင်း၊ ကယား ပြည်နယ်မှ ၁ သင်း၊ ကချင်ပြည်နယ်မှ ၁ သင်း၊ အောက်မြန်မာပြည်ဇုန် (ရန်ကုန်)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၃ သင်း၊ ပဲခူးတိုင်း ဒေသကြီးမှ ၂ သင်း၊ ဧရာဝတီတိုင်း ဒေသကြီး(ပုသိမ်)မှ ၂ သင်း၊ တနင်္သာရီ တိုင်းဒေသကြီးမှ ၁သင်း၊ မွန်ပြည်နယ်မှ ၂ သင်း ၊ ရခိုင်ပြည်နယ်မှ ၁ သင်း၊ ကရင်ပြည်နယ်မှ ၁ သင်း ပါ ဝင်မည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြိုင်ပွဲဝင်လိုသည့် အသင်းအရေအတွက် သတ်မှတ်ထားသည်ထက် ပိုမိုနေပါက ခြေစစ်ပွဲ ကစားစေမည် ဖြစ်ပြီး ပြိုင်ပွဲကို အပတ်စဉ် စနေနှင့် တနင်္ဂနွေများတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကာ လမှာ ပထမအကျော့ ၃ လ၊ ဒုတိယအကျော့ ၃ လ စုစုပေါင်း ၆ လ ကြာ မြင့်မည်ဖြစ်သည်။
ပြိုင်ပွဲဝင် အသင်းများ မှတ်ပုံတင်ရမည့် ကာလကို ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက် နောက်ဆုံးထား သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် FIFA-MFF U15 Youth League ဌာနသို့ ဆက်သွယ် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။
ပြိုင်ပွဲဝင်ခွင့်ရ အသင်းများကို တစ်သင်းလျှင် ကျပ် သိန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ပြီး ပထမဆုရအသင်းအား ကျပ် သိန်း ၅၀၊ ဒုတိယဆုရ အသင်းအား ကျပ် သိန်း ၃၀၊ တတိယဆုရအသင်းအား ကျပ် သိန်း ၂၀ ၊ ဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။
#MyanmarNationalPost

No comments:
Post a Comment