MNP ၊ မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေး အတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်ထည်ဖော် ဆောင်ရွက် လျက်ရှိသလို နိုင်ငံတော်က ချမှတ်ပေးထား သော အားကစားနှင့် ကာယပညာဆိုင်ရာမူဝါဒများနှင့် အညီ အားကစားလုပ်ငန်းများကို တစ်မျိုးသားလုံးလူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ်ပိုမို အသက်ဝင် ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်၊ မိမိ ဝါသနာပါသော အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းဖြင့် အမျိုးသား အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရန်၊ နွေရာသီသင်တန်းများမှ တစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မြဲလာစေရန်၊ စည်းကမ်းကောင်းမွန်ပြီး အချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်မှု၊ အနစ်နာခံတတ်မှု၊ ရိုင်းပင်းကူညီတတ်မှု စသည့်အမူအကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ် အားလပ်ရက်များအား အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကို ငယ်စဉ် ကတည်းက စနစ်တကျ တတ်သိနားလည် လေ့ကျင့်လာစေရန်ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အမြဲမပြတ်ကြိုးပမ်းလုပ်ဆောင်နေကြရန် လိုအပ်ပြီး မိမိ၏ အားကစားနည်းများကို တိုးတက်လာအောင် ဆက်လက်လေ့ကျင့် ပျိုးထောင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သင်တန်းသားများက သင်တန်းဆင်းလက်မှတ်ပေးပြီး သင်တန်းသားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုကာ တန်းဖြုတ်ပြီးနောက် မြန်မာ့သိုင်းအဖွဲ့မှ တုတ်သိုင်းစွမ်းရည်၊ ဓားတစ်လက် အတိုက်၊ အခြေခံအားကစားကွက်များနှင့် အေရိုးဗစ်အဖွဲ့များ၏ သရုပ်ပြသမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment