ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ‌ပိတ်ပွဲနှင့် ရေစက်ချအနုမောဒနာ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ‌ပိတ်ပွဲနှင့် ရေစက်ချအနုမောဒနာ အခမ်းအနားကျင်းပ





















MNP ၊ မတ် ၅

ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပခဲ့ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။


ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီးနောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ သ.အ.စ ဓမ္မာစရိယ၊ ပါဠိပါရဂူ ဝဋံသကာ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ ဧည့်ပရိသတ်တို့က နဝင်္ဂသီလခံယူဆောက်တည်ခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသိန်းထွဋ်မောင်က “ဗုဒ္ဓပူဇနိယမင်္ဂလာ” ရေစက်ချအနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကာလတွင် ဆောင်ရွက်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ ရေစက်ချအနုမောဒနာတရား နာကြား၍ ရေစက်ချအမျှပေးဝေခဲ့ပါသည်။ ဆက်လက်၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကာလတစ်လျှောက် ကုသိုလ်အတူပြုရန် ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ပြန်လည်ပို့ဆောင်ပြီးနောက် “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

နံနက် ၁၀:၃၀ အချိန်တွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် မဟာပဋ္ဌာန်းသံဃာတော်များအား 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

        

ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို ၂၄-၂-၂၀၂၃ ရက်နေ့မှ ၅-၃-၂၀၂၃ ရက်(တပေါင်းလပြည့်နေ့)အထိ ၁၀ ရက်တိုင်တိုင်ကျင်းပခဲ့ရာ ရတနတ်တရပူဇာမင်္ဂလာနှင့်လျော်ညီစွာ (၂၁၆)နာရီမျှ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဖွင့်ပွဲနေ့တွင် နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များအား ရင်ပြင်တော်တွင် လှည့်လည်အပူဇော်ခံခြင်း၊ ပရိသတ်အမျိုး(၄)ပါးတို့က ရွှေတိဂုံစေတီတော်ရင်ပြင်တစ်ခုလုံးဝန်းရံ၍ မဟာပဋ္ဌာန်းဒေသနာတော်များ စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့် သံဃာတော်၊ သီလရှင်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ပွဲတော်ကာလတစ်လျှောက်လုံး မဟာပဋ္ဌာန်းသံဃာတော်များနှင့် စောင့်ရှောက်ရေးသံဃာတော်များကို နေ့စဉ် အရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အဖိတ်နေ့ညနေ(၄)နာရီတွင် သံဃာတော်(၁၁၇)ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင်(၂၇)ပါးတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ရုံးဌာနများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ စေတနာရှင်ဘုရားဖူးပြည်သူများက သံဃဒါန ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလောင်းလှူခြင်း၊ လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ရုံးဝန်ထမ်းများက ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအနုမောဒနာ အခမ်းအနားတွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် မဟာပဋ္ဌာန်းသံဃာတော်များကို နဝကမ္မနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အစရှိသည့် မဟာကုသိုလ်တော်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)