တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ရေး အကသင်တန်းပိတ်ပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ရေး အကသင်တန်းပိတ်ပွဲအခမ်းအနားသို့တက်ရောက်


MNP   -   မတ် ၄

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းရင်းသား အချင်းချင်းရင်းနှီးမှု ဖလှယ်နိုင်ရန်နှင့် ပိုမိုချစ်ကြည် ရင်းနှီးလာစေရန် ရည်ရွယ်၍ ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ရေး အကသင်တန်းပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက  တနင်္သာရီတိုင်းဒေသကြီးတွင်လည်း စကောကရင်၊ ပိုးကရင်၊ ထားဝယ်၊ မွန်၊ မော်ကယ်(ဆလုံ)နှင့် ဗမာလူမျိုးတို့အများစု နေထိုင်ကြပြီး မိမိတို့၏ယဉ်ကျေးမှုများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မတိမ်ကော မပပျောက်အာင် ထိန်းသိမ်းကြရန်အတွက် မျိုးဆက်သစ်လူငယ်များ အားလုံးတွင် အဓိကတာဝန်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ရေး အကသင်တန်းဖြစ်ပြီး မိမိတို့ဒေသရှိ တိုင်းရင်းသားများ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိစေရုံသာမက တစ်ဦး၏ယဉ်ကျေးမှုများကို တစ်ဦးကလေ့လာသင်ကြားနိုင်ခဲ့ပြီး သင်တန်းမှ အတွေ့အကြုံများစွာ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အကတစ်မျိုးချင်းစီတွင်လည်း ၎င်းတို့၏အဓိပ္ပါယ်နှင့် သမိုင်းကြောင်းကိုယ်စီရှိကြကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာအကများသည် တိုင်းရင်းသားတို့၏ နေထိုင်ရာဒေသ၊ ရိုးရာဓလေ့နှင့် သက်မွေးဝမ်းကျောင်းမှုတို့အပေါ်တွင် မှီတည်၍ အကနည်းများ ပေါ်ထွက်လာရခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့လူမျိုး၏စာပေနှင့် ရိုးရာ


ယဉ်ကျေးမှုအမွေအနှစ်များ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့နိုင်စေရန်၊ ထိန်းသိမ်း စောင့်ရှောက်ကြရန်နှင့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် မိမိတို့၏လူမှု စီးပွားဘဝများ မြင့်မားတိုးတက်ရေးအတွက် အတူတကွ လက်တွဲဆောက်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြ ဆရာ/မများအား ထောက်ပံ့ငွေများပေးအပ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက သင်တန်းသား/သူ(၃၃)ဦး ကိုယ်စားသင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ဆက်လက်၍ သင်တန်းသား/သူများမှ သင်တန်းကာလအတွင်း သင်ယူခဲ့သည့်  မွန်ဟင်္သာ မောင်နှံအက၊ ထားဝယ်ရိုးရာ ယန်းအက၊  မွန်ရိုးရာတပင်တိုင်အက၊  ကရင်ရိုးရာဝါးထောက်အက၊ ထားဝယ်ရိုးရာရေအိုးရွက်အက၊ ကရင်ရိုးရာ ကြိုးကျစ်အကနှင့်  “တြိရတနာ” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း  သတင်း ရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)