MNP - မတ် ၄
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ၊ သမားတော်ကြီးများ ဦးဆောင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ လောကမာရဇိန်ဘုရားကြီးဗိမာန်တော်၌ အခြေချပြီး ရဟန်း၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်ဒေသခံပြည်သူများကို မတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့)ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါဘုရားကြီး ဗိမာန်တော်တွင် ယနေ့၊ နံနက်(၈)နာရီကစ၍ ဒေသခံပြည်သူ ၄၀၆ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့၊ ပါရဂူ၊ သမားတော်ကြီးများက ဦးဆောင်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၂၀)အုပ်စုမှ ဒေသခံပြည်သူ ၄၀၆ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး၊ ECG နှင့်အမ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသမှုလုပ်ငန်းများအား(အခမဲ့) ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးကုသပေးနေမှုတို့ကို တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ပြီး၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့် ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့်စေတနာ့ဝန်ထမ်းများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့တို့က လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment