အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း ၂၀၂၅ ခုနှစ် မတ်လတွင် စတင်စမ်းသပ်ဓာတ်အားထုတ်လုပ်နိုင်ရေး အလေးအနက်ထား ကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း ၂၀၂၅ ခုနှစ် မတ်လတွင် စတင်စမ်းသပ်ဓာတ်အားထုတ်လုပ်နိုင်ရေး အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်


MNP ၊ မတ်   ၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၃)တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှုရပ်မှနေ၍ ပင်မတမံ မြေကြီး/ကျောက်သားတူးဖော်ခြင်းနှင့် ခိုင်ခံ့မှုလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးနေလင်းတို့က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်း၏ အဓိကလုပ်ငန်းကြီးများဖြစ်သည့် ရေလွှဲဥမင်လိုဏ်လုပ်ငန်း၊ မြစ်ရေလွှဲခြင်းလုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ ရေသွယ် ဥမင်လိုဏ်လုပ်ငန်း၊ ဖိအားမြင့်သံမဏိပိုက်လိုင်းလုပ်ငန်းနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ကုမ္ပဏီတာဝန်ရှိသူက ပင်မတမံလုပ်ငန်းတွင် RCC ကွန်ကရစ်ဖျော်စပ်၊ သယ်ပို့ခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပင်မတမံကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်းများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် စတင်စမ်းသပ်ဓာတ်အားထုတ်လုပ်နိုင်ရေး အလေးအနက်ထား၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်း ပင်မတမံလုပ်ငန်းခွင်တွင် RCC ကွန်ကရစ် သွန်းလောင်းရန်လိုအပ်သော စက်/ယာဉ်/ယန္တရား၊ စက်ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေနှင့် RCC ပင်မတမံအတွက် အကြိုတည်ဆောက်မှု လုပ်ငန်းများဖြစ်သည့် အောက်ခံကွန်ကရစ်လုပ်ငန်းသွန်းလောင်းပြီးစီးမှုနှင့် တမံအုတ်မြစ်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရေယူအဆောက်အအုံ ကွန်ကရစ်သွန်းလောင်းနေမှုအခြေအနေနှင့် ရေသွယ်ဥမင်လိုဏ်၏ Transition Zone ကွန်ကရစ်လုပ်ငန်းများ ဆောင် ရွက်ပြီးစီးနေမှုအခြေအနေ၊ ဓာတ်အားပေးစက်ရုံ၏ မြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရေသွယ်ဥမင်လိုဏ်နှစ်လုံးတို့၏ လိုင်နင်ကွန်ကရစ်သွန်းလောင်းပြီးစီးမှုအခြေအနေ၊ သိုလှောင်ရုံဝင်းအတွင်းစက်ပစ္စည်းများ ရောက်ရှိနေရာချထားမှု၊ ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် ဒုဋ္ဌဝတီမြစ်(မြစ်ငယ်မြစ်)ပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး ၇၀ မဂ္ဂါဝပ်ရှိ ဒေါင်လိုက်ဖရန်စစ် တာဘိုင်အမျိုးအစား ဓာတ်အားပေး စက်လေးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၂၈၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၀၉ သန်းထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားကွန်ရက် စနစ်မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဖြစ်သည်။ တည်ဆောက်မည့် ပင်မတမံအမျိုးအစားမှာ RCC ကွန်ကရစ်တမံဖြစ်ပြီး မြန်မာနိုင်ငံတွင် တတိယမြောက်တည်ဆောက်မည့် RCC ကွန်ကရစ်တမံဖြစ်သည်။ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၅၃ ဒသမ ၂၂ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်နယ်/ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့လျှပ်စစ်မှူးများ၊ မဟာဓာတ်အားလိုင်းမှူး၊ ဓာတ်အားခွဲရုံမှူးနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)