ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများနှင့် ကျောင်းဆောင်များ လှည့်လည်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများနှင့် ကျောင်းဆောင်များ လှည့်လည်ကြည့်ရှုစစ်ဆေး


MNP ၊ မတ်   ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာအထက်တန်းစာစစ်ဌာနများနှင့် ကျောင်းဆောင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


ပြည်ထောင်စုဝန်ကြီးသည် ဦးစွာဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်အခြေခံပညာအထက်တန်းကျောင်း၊ ပန်းတနော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကန်ကြီးထောင့် မြို့နယ်တကုန်းကြီး အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျ ဆရာ ဆရာမများအနေဖြင့် စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ စနစ်တကျအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ကျရာ တာဝန်အခန်းကဏ္ဍအလိုက် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုစဉ်အတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။


ယင်းနောက် စာသင်ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာကျောင်း၏ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် စာသင်ဆောင်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ လိုအပ်သည့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို လာမည့်ကျောင်းဖွင့်ချိန်မတိုင်မီ ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ စာသင်ဆောင်များ၊ ကျောင်းသုံးပရိဘောဂများ၊ စက်ပစ္စည်း စသည်များကို ရေရှည်အသုံးပြုနိုင်ရန် စနစ်တကျ စည်းကမ်းရှိရှိ ထိန်းသိမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။


ဖြည့်ဆည်းဆောင်ရွက်ပေး


ထို့နောက် ညောင်တုန်းမြို့နယ် စက္ကော့အခြေခံပညာအထက်တန်းကျောင်းနှင့် ကန်ကြီးထောင့်မြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် တွဲဖက်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း စာသင်ဆောင်သစ်တည်ဆောက်ရေး လုပ်ငန်းခွင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ အဆောက်အဦ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးမြောက်ရေးအတွက် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


တာဝန်ကျေပွန်စွာ ဆောင်ရွက်


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဆရာဆရာမများအနေဖြင့် မိမိတို့နိုင်ငံအတွင်း ပညာတတ်များ ပေါများလာစေရေးအတွက် မိမိတို့တာဝန်ကျရာနေရာတွင် စေတနာအပြည့်အဝထားပြီး အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် ကြိုးစားသင်ကြားပေးစေလိုပါကြောင်း၊ မိမိတို့၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုတို့ဖြင့် ကျေပွန်စွာဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် လုပ်ဖော်ကိုင်ဖက် ပညာရေးမိသားစုအချင်းချင်းမိသားစုစိတ်ဓာတ်ဖြင့် နွေးနွေးထွေးထွေးဆက်ဆံ၍ လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်ပညာရေး ဒီဂရီကောလိပ်ပညာရတနာခန်းမသို့ သွားရောက်၍ ဆရာ ဆရာမ များ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ အခြေခံပညာကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဆရာ ဆရာမ များအဖြစ် တာဝန်ထမ်းဆောင်သည့်အခါ ကျောင်းသား ကျောင်းသူများကို ပညာတတ်ရုံသာမက ယဉ်ကျေးလိမ်မာပြီး ဂါရဝ၊ နိဝါတ တရားထားရှိတတ်အောင်၊ အကျင့်စာရိတ္တကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သိရ သည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)