MNP ၊ မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာန ပြင်ဆင်ထားရှိမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း ဇီးဖြူကုန်းနှင့် အခြေခံပညာအထက်တန်းကျောင်း သာရဝေါစာစစ်ဌာနတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေခန်းပြင်ဆင်ထားရှိမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာဖြေခန်းများတွင် မီးကြိုးများတပ်ဆင်ထားရှိမှု အခြေအနေ၊ တပ်ဆင်ထားရှိသည့် မီးသတ်ဆေးဘူးများ ကောင်းမကောင်း၊ ကျောင်းဝင်းအတွင်း ရေကန်များ ရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျ ရှင်းလင်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၊ ဇီးဖြူကုန်း အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် သာရဝေါ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့တွင် ကျင်းပမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူ ဘာသာတွဲ (၁)တွင် ဖြေဆိုသူ (၂၅၃)ဦး၊ ဘာသာတွဲ (၂)တွင် အတွင်းဖြေ (၁၃၂)ဦး၊ ဘာသာတွဲ (၇)တွင် ဖြေဆိုသူ (၈၂)ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ (၄၆၇)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment