ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး




MNP ၊ မတ်  ၉

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖလံကျင်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝေမာမာအောင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ချစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်၍ ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာ၌ ရန်ပုံငွေလေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ စီမံကိန်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံကိန်းရန်ပုံငွေ စာရင်းဇယားများကို စနစ်တကျ မှတ်တမ်းပြုစု ထိန်းသိမ်းဆောင်ရွက် လုပ်ကိုင်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့် အတူ ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာအုပ်စု၊ ဖလံကျင်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းအသင်းဝင်များ ထံမှ ဒုတိယအကြိမ် ထုတ်ချေးပေးထားသည့် စီမံကိန်းရန်ပုံငွေများကို ပြန်လည်ကောက်ခံရယူပြီး တတိယအကြိမ်မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၇၂ ဦးကို ငွေကျပ် ၁၃ ဒသမ ၅ သန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈၃ ဦးကို ငွေကျပ် ၁၀ ဒသမ ၃ သန်း ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ  ၂၂  ဦးကို ငွေကျပ် ၃ ဒသမ ၆  သန်း ၊  အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၄၆ ဦးကို ငွေကျပ် ၄ ဒသမ ၉ သန်း ၊ စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၂၂၃ ဦးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၃၂ ဒသမ ၃ သန်းကို အသင်းသားများ လက်ဝယ်အရောက် နေ့ချင်းပြီး စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။  


လှိုင်ဝင်းလေး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment