ကော့မှူးမြို့နယ် တာတိုက်ကျေးရွာ၌ ရေထိန်းတံခါးဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့မှူးမြို့နယ် တာတိုက်ကျေးရွာ၌ ရေထိန်းတံခါးဖွင့်လှစ်




MNP   -   မတ် ၄

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သည့် တာတိုက်ရေထိန်းတံခါး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်  တာတိုက်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ရေထိန်းတံခါးများ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် မြို့နယ်အတွင်း စိုက်ပျိုးသီးနှံများကို တစ်သီးစားသာမက သီးထပ်စိုက်ပျိုးနိုင်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကော့မှူးမြို့နယ် အတွင်းရှိ တာတိုက်ကျေးရွာ၊ သမင်ခြံကျေးရွာ၊ ထန်းတစ်ပင်ကျေးရွာများရှိ လယ်ယာမြေများ နှစ်စဉ်ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးလျက်ရှိရာ ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းနေသည့် တာတိုက်ချောင်းပေါ်တွင် ရေတံခါးတည်ဆောက် ပေးခြင်းဖြင့် ရေထုတ်နုတ်မှုအားကောင်းပြီး ရေဘေးကာကွယ်ရေးအတွက် တာတိုက်ကျေးရွာအုပ်စုတွင် လိုအပ်သည့် ရေထိန်းတံခါး (၆ x ၈) (၅)ပေါက်တစ်လုံးအား တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရေထိန်းတံခါး တည်ဆောက် ပေးခြင်းအားဖြင့် ကော့မှူးမြို့နယ် တာတိုက်ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက(၁၈၀၀)အား ရေကြီးနစ်မြှုပ်မှု ဘေးမှကင်းဝေးစေမည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်လာစေဖို့ အထောက်အကူရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သည့် တာတိုက်ရေထိန်းတံခါးအား ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် တာတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေထိန်းတံခါးတည် ဆောက်ထားမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ယင်းနောက်ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် မကျီးတန်းရပ်ကွက် စက်မှုလယ်ယာ အဆင့်မြင့်ကွင်း ဦးပိုင်အမှတ် ၁၀/၁ ၊ ကွင်းအမှတ်(၁၉၃)တောင်သူဦးပြုံး၏ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထားရှိမှုအခြေအ‌နေများအား ကြည့်ရှုခဲ့ပြီးလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။  


ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့မှူးမြို့နယ်ပြည်သူ့ဆေးရုံတွင် မွေးဖွားလူနာများအား ထောက်ပံ့ငွေများပေးခဲ့ပြီး ဆေးရုံတည်ဆောက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပြီး   မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာသန်းဌေးနှင့်ဆရာ/ဆရာမများအား  ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။


ကျော်သူရ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)