MNP ၊ မတ် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမိသားစု၏ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ အထူးကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးကျော်သိန်းဆိုင်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက် စာချပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဝနတိက္ခ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဝနတိက္ခ မဟာထေရ်မြတ်ထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းစရိတ်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးမှ အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် တက်ရောက်လာသော တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးကျော်သိန်းဆိုင်နှင့် ဧည့်ပရိသတ်များက နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ
#MyanmarNationalPost
No comments:
Post a Comment