ပြည်တွင်းသံမဏိလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ် ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်းသံမဏိလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ် ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား









MNP ၊ မတ် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငိုကျေးရွာအနီးရှိ စက်မှု ဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာစက်ရုံရှင်းလင်းဆောင်တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့်  ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ်အတွင်း လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်အရ စီမံကိန်းအကောင်အထည်ဖော်ဆောင်မှုများ ရပ်တန့်ထား သည့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင် ဆောင်ရွက်ခဲ့မှု၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်း ဖြစ်ပေါ်လာပုံနှင့် စီမံကိန်းပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆက်လက် အကောင် အထည်ဖော်ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ တိုးတက်မှုများနှင့် ချို့ယွင်းချက်များ ဖြစ်ပေါ်နေသည့် အစိတ်အပိုင်းများကို ပြန်လည် ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းပညာဆိုင်ရာ စစ်ဆေးရေးအဖွဲ့တို့မှ စနစ်ကျနမှုရှိစေရေး စစ်ဆေးဆောင်ရွက်ခဲ့မှုနှင့် စီမံကိန်း အကောင်အထည်ဖော်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တို့က မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE) မှ Process Engineer များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ အလုပ်ရုံအသီးသီးရှိ စက်ကိရိယာများအား စစ်ဆေးခဲ့မှု၊ ပြုပြင်ရန်လိုအပ်သည်များ၊ အစားထိုးလဲလှယ်ရန်လိုအပ်သည့် စက်ကိရိယာများကို ပြု ပြင်ခြင်းများနှင့် မှာယူတပ်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းအတွက် လိုအပ်မည့် သံရိုင်းသတ္တုနှင့် စက်မှုကုန်ကြမ်း တွင်းထွက် သတ္တုများ ထုတ်ယူရရှိနိုင်မှုပမာဏနှင့် ခွင့်ပြုပေးထားသည့် အခြေအနေများကို ရှင်း လင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေ လိုအပ် သည့် ပစ္စည်းဖြစ်ပြီး ပြည်တွင်းသံမဏိလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ် ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် တစ်ခုဖြစ် သည့် သံ၊ သံမဏိ ထုတ်ကုန်များကို ပြည်ပသွင်းကုန်အဖြစ် တင်သွင်းရန်မလိုဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ခိုင်မာသည့် ဈေးကွက်ရှိခြင်းတို့ကြောင့် မဖြစ်မနေ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရန်လိုအပ်သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း၊ ယခုစီမံကိန်းကို ငွေကြေးအခက်အခဲ၊ နည်းပညာအခက်အခဲများကြားမှ အကောင် အထည်ဖော်ဆောင်ခဲ့ရခြင်းဖြစ်သော်လည်း စီမံကိန်းအပေါ် နားလည်မှုနှင့် မဟာဗျူဟာမြောက်အမြင်မရှိဘဲ စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် ရပ်ဆိုင်းခဲ့၍ နိုင်ငံတော် အတွက် များစွာနစ်နာခဲ့ရကြောင်း၊ ခေတ်မီနိုင်ငံတစ်ခုတည်ဆောက်ရေးအတွက် သံမဏိ လိုအပ်ချက်သည် မလွဲမသွေ ရှိနေမည်ဖြစ်ကြောင်း။


 မြေအောက်သယံဇာတများ ထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ မြေအောက်သယံ ဇာတများသည် သစ်တောသစ်ပင်များကဲ့သို့ ပြန်လည်စိုက်ပျိုး၍ ရရှိနိုင်သည်မဟုတ်ဘဲ နှစ်ပေါင်းများစွာကြာမြင့်မှသာလျင် သဘာဝအလျောက်ဖြစ်တည်လာနိုင်သည် ဖြစ်သည့်အတွက် နိုင်ငံအတွက် အကျိုးရှိသည့် နေရာများတွင်သာ အသုံးချရန်နှင့် ထုတ်ယူ သုံးစွဲမှုများကို ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံ၏ မြေပေါ်မြေအောက်သယံဇာတများကို စီမံခန့်ခွဲပိုင်ခွင့်သည် နိုင်ငံသူနိုင်ငံသားတို့၏ လက်ဝယ်တွင်သာရှိရမည်ဖြစ်ပြီး တိုင်းပြည်၏အားသည် ပြည်တွင်း၌သာ ရှိကြောင်း ကို မိမိတို့ပြည်တွင်းအားဖြင့် လုပ်ဆောင်နိုင်သည်ဟူသည့် စိတ်နှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ရမည်ဖြစ်ပြီး လူသားအရင်းအမြစ်ကောင်းများရှိနေပါက မိမိတို့အနေ ဖြင့် အခြားသူများကို အားကိုးရန်လိုအပ်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည် အတွက် ရေရှည်အကျိုးကို ကြည့်၍ လူသားအရင်းအမြစ်ကောင်းများကို ပေါ်ထွက်လာ ရေးကိုလည်း ဝန်ကြီးဌာနများအလိုက် အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် လုပ်ငန်းများ အောင်မြင်စေရေး မူဝါဒများကို ချမှတ်ပေးမည်ဖြစ်ပြီး အမှန်တကယ်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်မှာ ဝန်ကြီး ဌာနများ၏ တာဝန်သာဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်မှုများကို ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ပီပီပြင်ပြင်ဖြစ်အောင်ဆောင်ရွက်ကြစေလိုပြီး ရေရှည်ကိုကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကမ္ဘာ့ပထမဆုံး သံရည်ကျိုနည်းစဉ် Romelt ကို အသုံးပြုထားသဖြင့် အလုပ်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးနှင့် အလုပ်ရုံများအချင်းချင်းချိတ်ဆက်၍ ထုတ်လုပ်မှုဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအလိုက် စနစ်တကျနှင့် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် အရည်အသွေး စစ်ဆေးမှုများကို Third party ဖြင့် စစ်ဆေးမှုများနှင့် မှတ်တမ်းထားရှိမှုများ ပြုလုပ်ထားရှိရန်လိုကြောင်းဖြင့် လမ်းညွှန် မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းလှည့်လည်၍ သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ ကုန်ကြမ်း သိုလှောင်ဖြန့်ဖြူးရေးအလုပ်ရုံ၊ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊ သံရည် ကျိုအလုပ်ရုံ၊ သံစိမ်းတုံးပုံလောင်းအလုပ်ရုံ၊ သံစိမ်းတုံးသိုလှောင်သည့်နေရာ၊ ဖိအားမြင့် လေထုတ်အလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။


အဆိုပါ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက် အကောင်အထည်ဖော်ခဲ့ကြောင်း၊ စီမံကိန်းတည်ဆောက်မှုလုပ်ငန်းများကို ၂၀၁၇ ခုနှစ်  မတ် ၁၅ ရက်တွင် ယာယီရပ်ဆိုင်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက်စစ်ဆေး စဉ် ပြည်တွင်းသံမဏိလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများ အား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း လမ်းညွှန် မှာကြားချက်များအရ အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ စီမံကိန်းရှိ အလုပ်ရုံ ၂၂ ရုံအနက် ၁၉ ရုံကို ဝန်မပါ စမ်းသပ်လည် ပတ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)