မိုင်းခုတ်မြို့၌ ပဲပုတ်ချပ်တစ်ပိဿာလျှင် တစ်သောင်းကျပ်ရရှိသဖြင့် ပဲပုတ်ချပ်ပြုလုပ် ရောင်းချသူများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ ပဲပုတ်ချပ်တစ်ပိဿာလျှင် တစ်သောင်းကျပ်ရရှိသဖြင့် ပဲပုတ်ချပ်ပြုလုပ် ရောင်းချသူများ အဆင်ပြေ

 


MNP ၊ မတ်  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ရှမ်းတိုင်းရင်းသားများ၏ အဓိက ရိုးရာအစားအစာဖြစ်သော ပဲပုတ်ချပ်တစ်ပိဿာလျှင် တစ်သောင်းကျပ်ရရှိသဖြင့် ပဲပုတ်ချပ်ပြုလုပ် ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ပဲပုတ်ချပ်ပြုလုပ်မည်ဆိုပါက ဉီးစွာ ပဲပုတ်စေ့ကို နူးအောင်ပြုတ်ရကြောင်း၊ နူးလာသည့်ပဲပုတ်စေ့များကို ဇကာအတွင်း သုံးရက်ခန့် ရေစစ်သွားအောင် ထားရကြောင်း၊ ရေစစ်သွားသော ပဲပုတ်စေ့များကို ဆုံအတွင်းညက်အောင်ထောင်းရကြောင်း၊ ထို့နောက် မှန်ပေါ်တွင် အလုံးလေးများ လုံးကာအဝိုင်းပြားလေး များဖြစ်လာစေရန် လက်ဖြင့်ဖိပေးရကြောင်း၊ ယင်းနောက် ပဲပုတ်ချပ်လေးများဖြစ်လာပြီး  ရရှိလာသော ပဲပုတ်ချပ်လေးများကို ဇကော(သို့)မိုးကာအစပေါ်တွင် တင်၍နေပြရကြောင်း၊ နေကောင်းကောင်းပူပါက တစ်ရက်သာပြရပြီး၊ နေကောင်းကောင်း မပူပါက နှစ်ရန်ခန့်ပြရကြောင်း၊ ယခင်က ပဲပုတ်ချပ်တစ်ပိဿာလျှင် ၇၀၀၀၊ ၈၀၀၀ ကျပ်ခန့်သာရရှိပြီး ယခုအခါ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် ရရှိသဖြင့် ပဲပုတ်ချပ်ပြုလုပ် ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ပဲပုတ်ချပ်ပြုလုပ်ရောင်းချသူ ဒေါ်နန်းလောဝ်ခမ်းက ပြောသည်။


မိုင်းခုတ်မြို့တွင် ပဲပုတ်ချပ်များကို ရှမ်းတိုင်းရင်းသားများက အများဆုံးပြုလုပ်ရောင်းချကြပြီး၊ ရှမ်းတိုင်းရင်းသားများ၏ အဓိကရိုးရာအစားအစာ ဖြစ်သော်လည်း ပဲပုတ်ချပ်များကို မီးအပူပေးကာ ကြက်သွန်နီ၊ ငရုတ်သီးမှုန့်များသုတ်၍ သော်လည်းကောင်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းများဖြင့် ထောင်း၍သော်လည်းကောင်း၊  အရည်ဖျော်၍သော်လည်းကောင်း တို့စရာများဖြင့် စားသုံးပါက အရသာကောင်းမွန်ပြီး အခြားဟင်းလျာများ ချက်ရာတွင် ပဲပုတ်ချပ်များအား ထောင်းထည့်ပါက အနံ့၊ အရသာ ကောင်းမွန်သဖြင့် အခြားတိုင်းရင်းသားများကလည်း ကြိုက်နှစ်သက်ကြကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment