ပဲခူး မတ် ၂၂
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွဋ်သိန်းက အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ပါကြောင်း၊ အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်နှင့် ဥပဒေမူဘောင် ခိုင်မာရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပြီး ဥပဒေရည်ရွယ်ချက်
များကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူလျက် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဌာန/ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင်၊ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းများကို ပိုမိုထိရောက် လွှမ်းခြုံဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်မှစ၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit – CPU များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအပြင် အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme – PFP နှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း Corruption Risk Assessment -CRA ကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရန်အတွက်ကျင့်ဝတ်များ ထိန်းသိမ်းလိုက်နာစေရန်နှင့် ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုတည်ဆောက်နိုင်ရန်၊ EDU-tainment အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ဖွင့်လှစ်မည့် အခြေခံမူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ/ ဆရာမ မွမ်းမံသင်တန်းများ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး သင်ခန်းစာများ ဆွေးနွေးပို့ချနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ကော်မရှင်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းတင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်မာမာစုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွဋ်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းတင့်နှင့် တာဝန်ရှိသူများ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment