ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသင့်သည့်အချက်သည် လူတိုင်းတွင် ထားရှိအပ်သည့် အခြေခံကိုယ်ကျင့် တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းထွတ်သိန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသင့်သည့်အချက်သည် လူတိုင်းတွင် ထားရှိအပ်သည့် အခြေခံကိုယ်ကျင့် တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးသန်းထွတ်သိန်း ပြောကြား









MNP ၊ မတ် ၁၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးဆောင် ကျင်းပသော ပုဂ္ဂလိကကဏ္ဍသို့  အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကုန်သည်စက်မှု အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်သိန်း က ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသင့်သည့်အချက်သည် လူတိုင်းတွင် ထားရှိအပ်သည့် အခြေခံကိုယ်ကျင့် တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ပါကြောင်း ထည့်သွင်းပြောဆိုသွားသည်။

မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်မှာ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ၁၆၅ နိုင်ငံ မြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး ကွန်ဗင်းရှင်းက ချမှတ်ထားသည့် အချက်များ၊ လိုက်နာ ကျင့်သုံးရမည့်ကျင့်ဝတ်များကို သဘောတူ လက်မှတ် ရေးထိုး ထားပြီး အဖွဲ့ဝင်နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အမှာစကားပြောကြားရာအဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေးအတွက် အသိပညာပေးရေး လုပ်ငန်းများနှင့် တားဆီးကာကွယ်ရေးသည် အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုလျော့နည်းကျဆင်းစေရန် အစိုးရ ၊ ပုဂ္ဂလိကနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေးအတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးနှင့် စာရိတ္တမဏ္ဍိုင် ခိုင်မာစေရေး ပညာပေးအစီအစဉ်များကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် သင်ကြား စေလိုပါကြောင်း၊  အဂတိ လိုက်စားမှုကို မဖြစ်ခင်က ကြိုတင်ကာကွယ်ရန် လိုအပ်ပါကြောင်း၊ ယနေ့အခမ်းအနား ဖြစ်မြောက်ရန် UMFCCI အနေဖြင့် ပူးပေါင်း ဆောင်ရွက် ပေးခြင်းသည် တစ်နည်းအားဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် မြှင့်တင်အားပေးဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အဆင့်တွင်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအဖွဲ့အစည်းများ သာမက ပုဂ္ဂလိကကဏ္ဍမှလည်း လာဘ်ပေးလာဘ်ယူခြင်းကိစ္စများကို ရှောင်ရှားရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်လျက်ရှိပြီး စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပုဂ္ဂလိကလုပ်ငန်း အဖွဲ့အစည်းများအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်း ကျင့်ဝတ်များ၊ နည်းလမ်းများကို  နားလည်သဘောပေါက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင်  ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရန်အတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းဖြင့် ကောင်းမွန်သည့် စီးပွားရေးပတ်ဝန်းကျင်ကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က ဆက်လက်ဆွေးနွေးရာတွင် အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် အတွက် ပုဂ္ဂလိကအကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွားကြား ခွဲခြားစဉ်းစားတတ်ရန် အရေးကြီးကြောင်း၊ ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ၏ အကျိုးစီးပွားကို မထိခိုက်စေသင့်သည့်အချက်သည် လူတိုင်းတွင် ထားရှိအပ်သည့် အခြေခံကိုယ်ကျင့် တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် တားဆီး ကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းနည်းလမ်းများသည် အခြေခံကျသည့် နည်းလမ်းများဖြစ်သည့်အတွက် ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဦးမျိုးသန့်၊ ဦးကျော်ဒေဝ၊ ဦးဇော်မင်းသန့် ၊ ညီနောင်အသင်းများနှင့် အသင်းဝင် ကုမ္ပဏီများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိပုဂ္ဂိုလ် ၁၈၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတွင် ၎င်းတို့၏ သိရှိလို သည်များကို မေးမြန်းရာ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနား ပြီးမြောက်ခဲ့သည်။


Photo - UMFCCI

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)