မိုင်းခုတ်မြို့၊ နမ့်ခုတ်ချောင်းဘေးဝဲယာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ငရုတ်စိုက် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၊ နမ့်ခုတ်ချောင်းဘေးဝဲယာတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ငရုတ်စိုက် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ


MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအဖြစ် အားထားလုပ် ကိုင်လျက်ရှိရာ မြို့အတွင်းဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ခုတ်ချောင်းဘေးဝဲယာရှိ စိုက်ခင်းများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ငရုတ်စိုက်တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။


ငရုပ်ပင်စိုက်ပျိုးရာတွင် ဉီးစွာပျိုးထောင်စိုက်ပျိုးပြီး ပျိုးပင်မှ အရွက်လေးငါးရွက် ထွက်လာပါက စိုက်ခင်းအတွင်း တစ်ပင်နှင့် တစ်ပင် ၁၀ လက်မအကွာ၊ တစ်တန်းနှင့်တစ်တန်း ၁၅ လက်မအကွာ ရွှေ့ပြောင်း စိုက်ပျိုးကြောင်း၊ ငရုတ်ပင်များသည် မြေကောင်း၊ မြေပွနှင့် ရေများများ ကြိုက်တတ်ကြောင်း၊ အပင်ရင်းတွင် မြက်ခြောက်၊ သစ်ရွက်ခြောက်များအုပ်ပေးကြောင်း၊ တိရိစ္ဆာန်ချေးနှင့် ဓာတ်မြေဩဇာများ ကျွေးရကြောင်း၊ ခူးဆွတ်ချိန်အဖြစ် ရက်ပေါင်း ၉၀ မှ ၁၅၀ အတွင်း ခူးဆွတ်နိုင်ကြောင်း၊ ရောင်းချမှုအနေဖြင့် နို့ဆီဗူးတစ်ဗူးလျှင် (၅၀၀)ကျပ်ရရှိသဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း ငရုတ်သီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဉီးစိုင်းရွက်က ပြောသည်။


မိုင်းခုတ်မြို့တွင် ငရုတ်ပင်များကို နမ့်ခုတ်ချောင်းဘေးဝဲယာရှိ စိုက်ခင်းများတွင် အများဆုံး စိုက်ပျိုးကြပြီး စီးပွားဖြစ်စိုက်ပျိုးနိုင်ခြင်းမရှိသော်လည်း စိုက်ခင်းအတွင်း သီးသန့် သော်လည်းကောင်း၊ ပြောင်း၊ ဂေါ်ဖီ၊ ကြက်သွန်၊ ဖရုံများဖြင့် သီးညှပ်အဖြစ်သော်လည်းကောင်း  တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။  


ယဉ်ယဉ်ဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment