(၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲသာ-ကမော့ကစင်-နောင်ခလိုင်-ကျောက်ကလပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲသာ-ကမော့ကစင်-နောင်ခလိုင်-ကျောက်ကလပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်





MNP ၊ မတ်  ၈

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ရဲသာ-ကမော့ကစင်-နောင်ခလိုင်-ကျောက်ကလပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။


လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သောလမ်းသည် ဘားအံ-အိန္ဒု-ကော့ကရိတ် မြဝတီအာရှလမ်းမကြီးနှင့် ဘားအံမြို့ရှောင်လမ်းအား ဖြတ်လမ်းသဖွယ် ချိတ်ဆက်ပေးထားသည့် လမ်းဖြစ်သည့်အပြင် ကျောက်ကလပ်စေတီတော်၊ ဇွဲကပင်ဆံတော်ရှင် စေတီတော်နှင့် ဆဒ္ဒန်လှိုဏ်ဂူတော်သို့ ဒေသခံပြည်သူများ၊ ဘုရားဖူးခရီးသွားဧည့်သည်များ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ လက်ရောက်ပေးအပ်သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် တာဝန်ရှိသူများက ရဲသာ-ကမော့ကစင်-နောင်ခလိုင်-ကျောက်ကလပ် လမ်းကွန် ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကြကာ အဆိုပါလမ်းသည် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် (၁၄)ပေအကျယ် ကွန်ကရစ်လမ်း (၁)မိုင်(၅)ဖာလုံ၊ ပေ(၂၀)ကွန်ကရစ်တံတားတစ်စင်းနှင့် Box Culvert တစ်စင်းတို့ကို တင်ဒါအောင်မြင်ငွေကျပ် ၆၉၀ ဒဿမ ၂၀၂ သန်းဖြင့်ဆောင်ရွက်ပြီးစီးခဲ့ရာ ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၆၅၇)အိမ်နှင့် လူဦးရေ(၄၆၉၅)ဦးတို့အား အကျိုးပြုစေမည်ဖြစ်သည်။


ဆက်လက်၍ မြန်မာသက္ကရာဇ်(၁၃၈၄)ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၊ နှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ နိုင်ရေးလုပ်ငန်းညှိနှိုင်းအဝေးကို မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မဟာသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ ယိမ်းအကပြိုင်ပွဲများ၊ သင်္ကြကားအလှပြိုင်ပွဲများ၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လမ်းညွှန်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော်မတီများက သင်္ကြန်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်နိုင်ရေး တင်ပြဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment