တခေတ်ဆန်းသစ်လာမည့် မြန်မာအမျိုးသမီး ယူ-၂၀ အသင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တခေတ်ဆန်းသစ်လာမည့် မြန်မာအမျိုးသမီး ယူ-၂၀ အသင်း









၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်များကို ကမ္ဘောဒီးယားနိုင်ငံ က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါတယ်။ အုပ်စု(G) မှာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းပါဝင်နေပါတယ်။ ကမ္ဘောဒီးယား၊ မြန်မာ၊ မလေးရှား၊ ပါကစ္စတန် (၄)သင်း ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲမှာ ပါကစ္စတန်အသင်းက နှုတ်ထွက်သွားတဲ့အတွက် (၃)သင်းသာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

၈-၃-၂၀၂၃ ရက်နေ့ က အိမ်ရှင်ကမ္ဘောဒီးယား နဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းဟာ ခြေစမ်းပိုင်းမှာ သိသိသာသာ အသာစီးယူပြီး ၂ဂိုးပြတ်နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ ယှဉ်ပြိုင်ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု  အသာစီးရယူပြီး ဂိုးသွင်းစွမ်းရည်ပိုင်း လိုအပ်ချက်ရှိနေတာကြောင့် ပထမပိုင်းမှာ ဂိုးရရှိခဲ့ခြင်း မရှိပါဘူး။ ဒုတိယပိုင်းရောက်မှ လူစားလဲပြီး ဝင်လာတဲ့ ကစားသမားနှစ်ဦး ဖြစ်တဲ့ စန္ဒာလင်း နဲ့ ဝေလင်းဖြိုး တို့က ၂ဂိုးဆက်တိုက်သွင်းယူပြီး အောင်ပန်းဆင်နိုင်ခဲ့ပါတယ်။

မလေးရှား အသင်းနဲ့ ပွဲကို ယနေ့ (၁၂-၃-၂၀၂၃) ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရပြီး ခြေစစ်ပွဲ ပထမအဆင့် အောင်ပန်းဆင်နိုင်ခဲ့တာကို အားလုံးပဲ တွေ့မြင်လိုက်ကြရလိမ့်မယ်လို့ ထင်ပါတယ်။

မြန်မာ အမျိုးသမီး ယူ-၂၀ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- မေဦးခင်၊ နောက်တန်း- နှင်းပွင့်အေး၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ အလယ်တန်း- ဖြူဖြူဝင်း၊ နန်းချိုမွှေး၊ ကြယ်စင်၊ ဝေဟင်ဖြိုး၊ စန္ဒာလင်း ရှေ့တန်း- ယဉ်လွန်းအိမ်တို့ ပါဝင်ကစားခဲ့ကြပါတယ်။

မြန်မာ အမျိုးသမီး ယူ-၂၀ အသင်းသည် မလေးရှားအသင်းကို ပွဲအစမှ အဆုံးထိ ဖိအားပေး ကစားသွားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် ဝေဟင်ဖြိုးက သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းအနေဖြင့် ပွဲချိန် ဒုယပိုင်းတွင် ဇင်မိုးပြည့်၊ ယွန်းဝတီလှိုင်၊ ဟေမာန်စိုးတို့ကို ထည့်သွင်းခဲ့ပြီး အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် မိနစ် ၈၀ တွင် ယဉ်လွန်းအိမ်နှင့် ပွဲချိန် ၈၅ မိနစ်တွင် ဝေဟင်ဖြိုးကပင် သွင်းယူခဲ့ပါတယ်။ မလေးရှားအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၅၇ မိနစ်တွင် နာဖရစ်ယာက သွင်းယူသွားခဲ့ပါတယ်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် အုပ်စု (G) တွင် အိမ်ရှင် ကမ္ဘောဒီးယား အသင်းကို ၂-၀ ဂိုး၊ မလေးရှား အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို ၂၀၂၃ ခုနှစ် ဇွန် ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပရန် စီစဉ်ထားပြီး ပထမအဆင့်မှ ခြေစစ်ပွဲ အောင်မြင်လာသော အသင်း (၈)သင်းမှာ အုပ်စုနှစ်စုခွဲ၍ ယှဉ်ပြိုင်ကစားကြရအုံးမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရသော အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မယ်လို့ သိရပါတယ်။ ၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲမှာ မြင်တွေ့ရတဲ့ မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းရဲ့ ခြေစွမ်းကိုတော့ အတိုင်းထက်အလွန် ကျေနပ်ဖွယ်ရာ မြင်တွေ့ရပါတယ်။ အားနည်းချက်အနေနဲ့တော့ ပွဲထွက်လူစာရင်းမှာ ဂိုးသွင်းစွမ်းရည် လိုအပ်ချက်ရှိနေတာကြောင့် နှစ်ပွဲစလုံးမှာ လူစားလဲဝင်လာသူတွေရဲ့ သွင်းဂိုးတွေနဲ့ အောင်ပွဲဆင်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား၊ မလေးရှား နှစ်သင်းစလုံးကို အနိုင်ယူခဲ့တဲ့ မြန်မာအမျိုးသမီးလက်ရွေးစင် ယူ-၂၀ အသင်းသားတွေရဲ့ ခြေစွမ်းပိုင်းကို သုံးသပ်ရရင် အဆင့်မြင့် အသင်းတစ်သင်းဖြစ်လာမယ့် ခြေစွမ်းပိုင်းကို မြင်တွေ့ရပါတယ်။ အထူးအားဖြင့်တော့ မြန်မာ့စိတ်ဓာတ် အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်နဲ့ ပြိုင်ပွဲဝင်ခဲ့ကြတာကို သတိပြုမိကြပါလိမ့်မယ်။

နောက်ထပ်တပ်လှမ်းရမယ့် အဆင့်တွေမှာ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့ အတွက်ကြောင့်တော့ မြန်မာလက်ရွေးစင် ယူ-၂၀ အမျိုးသမီး အသင်းကို ကြံ့ခိုင်မှုအပိုင်း၊ ဂိုးသွင်းစွမ်းရည် မြင့်တက်လာစေဖို့ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်လို့ မြင်မိပါတယ်။ ဒီအသင်းကိုသာ အကောင်းဆုံး ပြုစုပျိုးထောင်သွားမယ်ဆိုရင် အာရှမှာ မြန်မာဆိုတဲ့ ဂုဏ်ကို တခေတ်ပြန်လည် ထူထောင်နိုင်မယ့် လူငယ်အမျိုးသမီးတွေလို့ သုံးသပ်မိပါတယ်။


#MyanmarNationalPost

No comments:

Post a Comment