MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းသရုပ်ပြပွဲကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့နယ်၊ ပခွက်ဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ၌ တောင်သူ ဦးဘသိန်း၏ ဆောင်းနေကြာစိုက်ခင်း (၁၀.၀၀)ဧကတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က ဆီထွက်သီးနှံ နေကြာကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးခြင်းအားဖြင့် ဒေသအတွင်း စားသုံးဆီဖူလုံလာမည်ဖြစ်ကြောင်း၊ နေကြာကို သီးသန့်ရော၊ သီးထပ်သီးညှပ် အဖြစ်ပါ ဒေသအတွင်းစိုက်ပျိုးရန် သင့်တော်သည့် အပင်မျိုးဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနကလည်း နေကြာမျိုးစေ့ထုတ်နည်းပညာသင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများ၊ ပခွက်ဆိပ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့်ဒေသခံတောင်သူ (၅၀)ဦးတက်ရောက်ခဲ့ကြပြီး၊ တောင်သူ ဦးဘသိန်း၏ ဆောင်းသီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ပခွက်ဆိပ်ကျေးရွာအုပ်စုအပါဝင် စိုက်ပျိုးရေးနည်းပညာသုံး ဆောင်းသီးနှံနေကြာ(၅၃.၀၀) ဧက ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost




No comments:
Post a Comment