မြဝတီမြို့ ကျက်သရေဆောင်ဓိဌာန်အောင် စေတီတော်မြတ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး သြဝါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့ ကျက်သရေဆောင်ဓိဌာန်အောင် စေတီတော်မြတ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး သြဝါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲ ကျင်းပ


MNP ၊ မတ်  ၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် မြို့ကျက်သရေဆောင် ဓိဌာန်အောင် စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေး သြဝါဒခံယူပွဲနှင့်အလှူငွေ ပေးအပ်ပွဲ အခမ်းအနား မတ်လ ၇ ရက်နေ့က ဓိဌာန်အောင်စေတီတော် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ဆရာတော်များထံ လျှောက်ထားတင်ပြသည်။


ထို့နောက် ကိုးနဝင်းပရိယတ္တိကျောင်း ဦးစီးပဓာန နာယကဘဒ္ဒန္တ ဇောတိပါလ ဆရာတော်၊ မွန်ပရိယတ္တိကျောင်း ဦးစီးပဓာနနာယကဘဒ္ဒန္တ သောဘိတ ဆရာတော်နှင့် သင်္ကန်းညီနောင် သက်လွတ်ကျောင်း ဦးစီးပဓာန နာယက ဘဒ္ဒန္တ အာသီသ ဆရာတော်တို့မှ သြဝါဒများ မိန့်ကြားသည်။


ဆက်လက်၍ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်ပြည်သူများမှ အလှူငွေများပေးအပ်လှူဒါန်းရာ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


ဓိဌာန်အောင် စေတီတော်မြတ်ကြီးအား သာသနာတော်နှစ်(၂၅၄၄)ခုနှစ်၊ ကောဇာသက္ကရာဇ်(၁၃၆၂)ခုနှစ်၊ တပို့တွဲ လဆန်း(၅)ရက်၊ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ တနင်္ဂနွေနေ့ နံနက် ၈ နာရီအချိန်တွင် တည်ထားကိုးကွယ်ခဲ့ပြီး အစဉ်အဆက် လုံးတော်ပြည့် ရွှေသင်္ကန်း ၂ ကြိမ်ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ကာ ယခု သုံးကြိမ်မြောက် ကပ်လှူပူဇော်ခြင်းဖြစ် သည်။


အဆိုပါ ဓိဌာန်အောင်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးတွင် စေတနာရှင် မိဘပြည်သူများ အနေဖြင့်(၂) လက်မပတ်လည်ရွှေဆိုင်းတစ်ဆိုင်းလျှင် ရွှေချပြီးစီးသည်အထိ ငွေကျပ် ၁၂၀၀၀၀နှုန်းဖြင့် ဓိဌာန်အောင် စေတီတော်မြတ်အလှူခံဌာနတွင်လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း(ဖုန်း-၀၉၇၉၉၀၃၇၅၅၄) နှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မင်းစိုး(ဖုန်း-၀၉၄၂၅၃၃၀၆၇၄၇)တို့တွင်လည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


ထိန်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment