အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး


MNP   -    မတ် ၂

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပသည်။


အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။


အစည်းအဝေး၏ သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ကိုယ်စား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ်တွဲဖက် အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက ဆောင်ရွက်တော်မူသည်။


ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။


ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၏ ကိုယ်စား နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့နှင့် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်အပါး ၄၀ တို့ကို နိုင်ငံတော် ဝိနည်းဓိုရ်လက်မှတ်များ ဆက်ကပ်တော်မူသည်။


ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေးတွင် ချမှတ်ခဲ့သည့် အစားထိုးရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့သမိုင်းဝင်မှတ်တမ်းစာအုပ်၌ ဩဝါဒါစရိယဆရာတော်ကြီး ၁၅ ပါး၊ အကျိုးတော်ဆောင် ဆရာတော်၊ ရွှေကျင်ဂိုဏ်း၊ ဂဏဝိမုတ်ကူး တို့ဂိုဏ်း၊ စတုဘုမ္မိကမဟာသတိပဋ္ဌာန်ငှက်တွင်းဂိုဏ်း၊ ဓမ္မယုတ္တိနိကာ ယမဟာရင်ဂိုဏ်း၊ ဓမ္မဝိနယာနုလောမမူလဒွါရနိကာယဂိုဏ်း၊ ဓမ္မာနုဓမ္မ မဟာဒွါရနိကာယဂိုဏ်း၊ ဝေဠုဝန်နိကာယဂိုဏ်း၊ အနောက်ချောင်းဒွါရဂိုဏ်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်တစ်ပါးစီတို့က လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်တော်မူကြသည်။


ဖတ်ကြားတော်မူ


ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ နိဂုံးချုပ်ဥယျောဇနကထာကို ဆရာတော်ကြီး ၏ကိုယ်စား သဘာပတိဆရာတော်က ဖတ်ကြားတော်မူရာ ကြွရောက် တော်မူလာကြသော ဆရာတော်ကြီးများက နာယူတော်မူကြသည်။


ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်အားလုံးက “ဇယန္တော ဗောဓိယာမူလေ” အစချီ နှစ်ဂါထာကို သုံးကြိမ် ရွတ်ဆိုတော်မူကြပြီး “သာဓု” သုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။


ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော် ကြီးများကို တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)ဇနီးဒေါ်ကြိုင်ကြိုင် မိသားစု၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း)ဇနီး ဒေါ်မြမြစန်း မိသားစု၊ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မဦးသိန်းစိန် နိုင်ငံတော်သမ္မတ(ငြိမ်း)ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစု၊ မဟာသရေစည်သူ(ဗိုလ်ချုပ်ကြီး စိုးဝင်း)(ငြိမ်း) ဇနီး ဒေါ်သန်းသန်းနွဲ့ မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး တင်အေး(ငြိမ်း)ဇနီး (ဒေါ်ကြည်ကြည်အုန်း) မိသားစု၊ ဇေယျကျော်ထင် ဗိုလ်ချုပ်တင်ငွေ(ငြိမ်း)ဇနီး ဒေါ်နန်းခင်လှဝင်း မိသားစု၊ မဟာသရေ စည်သူ ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း(ငြိမ်း) ဇနီး ဒေါ်မာလာတင့် မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး(ငြိမ်း) ဇနီး ဒေါ်ခင်နှင်းဝေ မိသားစု၊ မဟာသရေစည်သူ (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို) ဇနီး ဒေါ်ခင်လေးမြင့် မိသားစု၊ မဟာသရေစည်သူ (ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဝင်း)ဇနီး (ဒေါ်ခင်စန်းရီ) မိသားစုနှင့် မဟာသရေစည်သူဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း) ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့် မိသားစုတို့က ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)