Thai PSI ကနေ DVB, Mizzima, RFA တို့ရဲ့ ဂျင်းမိနေတဲ့ ဒေသခံပြည်သူတွေ ဘဝကို ကယ်တင်ပါ - Myanmar National Post

Myanmar National Post

News Agency

Breaking

Thai PSI ကနေ DVB, Mizzima, RFA တို့ရဲ့ ဂျင်းမိနေတဲ့ ဒေသခံပြည်သူတွေ ဘဝကို ကယ်တင်ပါ



သာယာဝတီ နယ်ဘက်က ညီလေးတစ်ယောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသက်တမ်း ၁နှစ် မပြည့်ခင်က တခါ ဖုန်းဆက်ဖူးတယ်။ အကြောင်းကတော့ အကိုရေ "လူမှုကွန်ရက်စာမျက်နှာတွေမှာ DVB, Mizzima တို့က ရေးသားဖြန့်ဝေတာတွေကို ဖြန့်ဝေတဲ့သူတွေကို အရေးယူတယ်။ အခု ကျွန်တော်တို့ နယ်ဘက်မှာ Thai PSI စလောင်းကနေ DVB, Mizzima တို့က သတင်းတွေ ကြည့်လို့ရနေတယ်။ အဲဒါတွေကြတော့ အရေးမယူဘူးလား။" လို့ မေးခဲ့ဖူးပါတယ်။


နိုင်ငံတော်အစိုးရအနေနဲ့ သတင်းမှန် သိရှိအောင် ကြိုးစားဆောင်ရွက်နေတယ်။ DVB, Mizzima အစရှိတဲ့ ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန် လုပ်ကြံဖန်တီးလှုံ့ဆော်နေတာတွေ နေ့စဉ်နေ့တိုင်း လုပ်ဆောင်နေတဲ့အပေါ်မှာ PSI စလောင်းတွေနဲ့ အရေးယူဆောင်ရွက်လိမ့်မယ်လို့ ထင်ပြီး စောင့်နေခဲ့တယ်။ အရေးယူဆောင်ရွက်ခြင်း မရှိပါဘူး။


အစိုးရအနေနဲ့ တိုင်းပြည်ဆူပူအောင် ဖန်တီးလှုံ့ဆော်သူတွေဖြစ်တဲ့အတွက် ထုတ်ဝေခွင့်တောင် ပိတ်သိမ်းပြီးပြီ။ ပြည်ဖျက်မိစ္ဆာတွေကလည်း မြန်မာပြည်ထဲမှာ နေပြီး လှုံ့ဆော်ဖို့ မလွယ်တော့တဲ့အတွက် ပြည်ပကို ထွက်ပြေးသွားကြပြီ။ မြန်မာနိုင်ငံသားတွေ အများစုအသုံးပြုတဲ့ facebook စာမျက်နှာမှာဆိုရင်လည်း NLD အစိုးရလက်ထက်မှာကတည်းက ပြည်သူ့ဘဏ္ဍာငွေ သန်းပေါင်း ၆၀၀၀ ကျော်နဲ့ NLD က လူပုဂ္ဂိုလ်တွေအားလုံးရဲ့ facebook စာမျက်နှာတွေကို တရားဝင် စာမျက်နှာများဖြစ်အောင် လုပ်ဆောင်ပေးတယ်။ NLD နဲ့ ဆက်စပ်တဲ့ ပြည်ဖျက်မီဒီယာမှန်သမျှကို Blue Mark တပ်ပေးတယ်။ အဲဒီစာမျက်နှာတွေက ပြည်သူတွေကို ဘယ်လိုပဲ ဂျင်းထည့်နေပါစေ၊ ဘယ်လိုပင် လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေ လုပ်ဆောင်နေပါစေ ဖြုတ်ပယ်ခြင်း မခံရဘူး။ ပယ်ဖျက်ခြင်း မခံရဘူး။ Digital Platform ပေါ်မှာ မီဒီယာအသာစီး ရယူထားသလို On Air မှာလည်း ပြည်ဖျက်မီဒီယာများက ရတဲ့အပေါက်က တိုးဝင်နေတယ်။


နယ်မြို့တော်တော်များများမှာ တရားမဝင် PSI စလောင်းတွေ ဝယ်ယူတပ်ဆင် အသုံးပြုကြပါတယ်။ မေးခွန်းထုတ်ချင်တာက အဲဒီ မြို့နယ်တွေမှာ တာဝန်ယူအုပ်ချုပ်နေကြတဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဒီအခြေအနေကို ဘယ်သူမှ မသိကြဘူးလား။ မသိလောက်ပဲ အလုပ်တွေ လုပ်နေကြတာလား။ မသိကျိုးကျွန်ပြုပြီး ရေငုံနှုတ်ပိတ်နေကြတာလား လို့ မေးချင်မိပါတယ်ဗျာ။


ပြည်သူတွေ ကို ဂျင်းထည့်နေတယ်။ မှိုင်းတိုက်နေတယ် ဆိုတာကို သိပါလျက်နဲ့ မှိုင်းမိနေကြတာလား။ မှိုင်းမဝသေးလို့လား။ လုပ်ကြံဖန်တီးပြီး တင်ဆက်ပေးနေတာတွေကို သိပ်ပြီး သဘောကျနေကြတာလား။


အဲဒီ ညီလေးက လုံခြုံရေးကုမ္ပဏီတစ်ခုကို ကိုယ်တိုင် တည်ထောင်ပြီး ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ လူငယ်ပေမယ့် အမျိုးသားရေးအသိ၊ အမျိုးသားရေး အသိရှိတဲ့ မျိုးဆက်သစ် လူငယ်တစ်ယောက်ပါ။ သူ့အလုပ်က ရန်ကုန်မြို့မှာ ဆိုတော့ နယ်ကို တစ်နှစ်တစ်ခေါက်လောက်ပဲ ရောက်တယ်။ အခု သူထပ်ပြီး ဖုန်းဆက်ပြောပြန်တယ်။


"အကို ဆီ တခါတုန်းက ညီ ဖုန်းဆက်ပြီး ပြောဖူးတယ်။ ကျွန်တော်တို့ မြို့နယ်မှာ PSI တွေကနေ DVB, Mizzima တို့ရဲ့ ဂျင်းမိနေတာ တော်တော် အခြေအနေဆိုးနေပြီ အကို။ အကိုတို့ သွားခဲ့တဲ့ ပအိုဝ်းဒေသဖြစ်စဉ်ဆိုရင် ဒီက လူတွေက စစ်တပ်က လုပ်တယ်လို့ပဲ ထင်နေကြတယ်။ အဲဒီလိုတွေ ပြောနေကြတယ်ဗျာ။ KNDF, PDF က လုပ်တာပါဆိုတာ ရှင်းပြလို့မရဘူးဗျာ။ အဲဒီ PSI စလောင်းက MRTV, MWD တို့ မရတော့ဘူး။ ဖြုတ်ချပစ်လိုက်ပြီ။ အခု DVB, Mizzima တင် မကတော့ဘူး။ RFA လိုင်းပါ တိုးလာတယ် အကို။ သက်ဆိုင်ရာ လူကြီးမင်းများကို တင်ပြပေးပါအုံး။" လို့ တိုက်တွန်းပြန်တယ်။


စဉ်းစားကြည့်တောဗျာ - ပအိုဝ်းဒေသဖြစ်စဉ် နဲ့ ပတ်သက်လို့ ပထမဆုံး မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖော်ပြခဲ့တဲ့ RFA က ဒီသတင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ မသိရသေးခင်မှာပဲ တောနေပြည်သူတွေကို ဂျင်းထည့်ပြီး ဖြစ်နေပြီ။ KNDF, PDF အကြမ်းဖက်အဖွဲ့တွေက လုပ်ခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ ဒေသခံ ပအိုဝ်းပြည်သူတွေက သောင်းနဲ့ချီ ကန့်ကွက်ဆန္ဒပြခဲ့တာကိုတော့ အဲဒီ ပြည်ဖျက်မီဒီယာတွေက မဖော်ပြကြတော့ဘူး။ သတင်းကို ထိန်ချန်လိုက်ပြီ။ ကျွန်တော်တို့တွေရဲ့ ဖော်ထုတ်ပြောဆိုမှုဟာ Digital Platform မှာလည်း ဖျက်ချခြင်း ခံရတယ်။ On Air မှာလည်း ကျယ်ကျယ်ပြန့်ပြန့် မပြောခဲ့ကြဘူး။ အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့တဲ့ အချိန်မှာ အမှားက ကမ္ဘာပတ်သွားပြီ ဆိုသလိုပါပဲ။


ကျွန်တော့်ကို ဆက်သွယ်ပြောဆိုတဲ့ ညီငယ် က အသက် ၂၀ကျော် အရွယ် ညီငယ်တစ်ယောက်ပါ။ ဒီလို လူငယ်တစ်ယောက်က DVB, Mizzima, RFA တို့က ဂျင်းထည့်နေတာတွေကို သိတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မသိကျိုးကျွန်ပြုပြီး တာဝန်မဲ့ နေကြတယ်။ ဘာတွေ လုပ်နေကြတာလဲဗျာ။ ဘယ်လိုတွေများ လုပ်နေကြတာလဲဗျာ။ အဲဒီ စလောင်းတွေကို နိုင်ငံတော်က တရားဝင် ခွင့်ပြုထားသလားဗျာ။ တရားဝင် ခွင့်ပြုထားတယ်ဆိုရင်လည်း ပြည်သူတွေကို ဂျင်းထည့်နေတဲ့၊ သတင်းမှိုင်းတိုက်နေတဲ့၊ သတင်းအဆိပ်တွေနဲ့ အသိမှား အမြင်မှားဖြစ်အောင် လုပ်နေတဲ့ ပြည်ဖျက်မီဒီယာတွေကို တာဝန်ရှိသူတွေကိုယ်တိုင် က အလိုတူ အလိုပါ ခွင့်ပြုထားတာလားဗျာ။


ကိုယ့်ရပ် ကိုယ့်ဒေသမှာ ပြည်ဖျက်မီဒီယာတွေရဲ့ ဂျင်းမိနေတာကို စိုးရိမ်သောက ဖြစ်နေတဲ့ ညီငယ်လည်း ဆန္ဒပြည့်ဝစေ၊ ကျွန်တော့်အနေနဲ့လည်း ဒါမျိုးတွေ ခွင့်ပြုပေးထားတဲ့ အပေါ်မှာ ဒေါသဖြစ်ရလွန်းလို့ ပြည်ကြားရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကို မေးခွန်းထုတ်ပရစေဗျာ -

ပြည်ဖျက်မီဒီယာတွေ ရဲ့ သတင်းအဆိပ် (ဂျင်းမိပြီး) ပြည်သူတွေကို လမ်းမှားရောက်စေချင်လို့ အခုလို တရားမဝင် ထုတ်လွှင့်နေတာတွေကို ဖော်ထုတ် ဖမ်းဆီး ရှင်းလင်းဖယ်ရှားခြင်း မရှိဘဲ မသိကျိုးကျွန်ပြုထားကြတာလားလို့သာ မေးပါရစေဗျာ။ အဲဒီ Thai PSI စလောင်းတွေ တပ်ဆင်အသုံးပြုနေတာ တရားဝင်ပါသလား။ အဲဒီ စလောင်းကနေ တရားမဝင် မီဒီယာများအဖြစ် သတ်မှတ်ထားသော DVB, Mizzima တို့က အစိုးရနဲ့ ပြည်သူကြားမှာ မဟုတ်မမှန်  လုပ်ကြံသတင်းတွေ ရေးသားဖြန့်ဝေ (တင်ဆက်)နေတာတွေကို တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေချင်လို့ ခွင့်ပြုပေးထားလားလို့ မေးပါစေတော့ဗျာ။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)